နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဆောင်ရန် ရှောင်ရန်

နွေရောက်လာပြီဆိုတော့ တစ်နေ့ထက် တစ်နေ့ အပူချိန်က ပိုပြီး မြင့်တက်လာပါတယ်။ ဒီလို နွေအပူချိန် မြင့်တက်လာချိန်မှာ အပူဒဏ်ကို လူကြီးတွေရော ကလေးတွေပါ တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားလာကြရပါတယ်။ ဒီလို အပူချိန် မြင့်တက်လာတာနဲ့အတူ ထပ်ပြီး ခံစားရနိုင်တာက ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုးပါ။ ဒီတစ်ခေါက်တော့ နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ သတိထားရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဆောင်ရန် ရှောင်ရန်

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာကတော့ ဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ပါ။ တကယ်လို့ ပြင်ပအပူချိန် မြင့်တက်လာချိန်မှာ ခန္ဓာကိုယ်အပူချိန်ကလည်း မြင့်တက်လာပါတယ်။

ဘယ်လို အခြေအနေတွေက ကိုယ်အပူချိန် မြင့်တက်တာကို ဖြစ်စေနိုင်လဲ!

ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ အများကြီးပါ။ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်နိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်

  • အချို့သောဆေးဝါးတွေ သောက်နေရတာ
  • သိုင်းရွိုက်ပြဿနာ ရှိတာ
  • ကဖင်းတွေ အများကြီး သောက်တာ
  • ခြေကုန်လက်ပမ်းကျတာ
  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာ
  • ရေဓာတ်ခမ်းခြောက်တာ
  • နေရောင်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာတွေပါ။

ဆက်လက်ဖတ်ရှုမည်။

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဘာတွေကို ရှောင်ရမလဲ!

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

  • နေပူထဲမှာ တစ်ချိန်လုံး နေတာမျိုး မလုပ်ပါနဲ့

နေပူထဲမှာ အချိန်အကြာကြီးနေတာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်သလို အခန့်မသင့်ရင် အပူလျှပ်တာကိုပါ ဖြစ်စေနိုင်ပါတယ်။ ကလေးလေးတွေနဲ့ ဘိုးဘိုးဘွားဘွားတွေက အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာမျိုးကို ရှောင်ပါ။

  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာမျိုး မလုပ်ပါနဲ့

လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးကို ထောက်ကူပေးတယ်ဆိုပေမယ့် နွေပူနေချိန်မှာ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် နေရောင်အောက်မှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးတွေ မလုပ်ပါနဲ့။

  • အရက်တွေ အလွန်အကျွံ သောက်တာမျိုး မလုပ်ပါနဲ့

အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ နွေပူနေချိန်မှာ အရက်တွေကို အလွန်အကျွံ သောက်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးစေပြီး ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေပါတယ်။

  • ကဖင်းတွေကို အများကြီး သောက်တာမျိုး မလုပ်ပါနဲ့

ကဖင်းတွေဆိုတဲ့နေရာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းကစလို့ လက်ဖက်သုပ်စတာတွေ အပါအဝင် အားဖြည့်အချိုရည်တွေကို သောက်ပေးတာက ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေမှာပါ။

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ!

  • ရေဓာတ်ပြည့်ဝအောင် နေပါ

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် အရေးတကြီး လိုက်နာရမယ့် အချက်က ကိုယ်တွင်းမှာ ရေဓာတ် ပြည့်ဝစေဖို့ပါ။ ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝတာက ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်သလို ခန္ဓာကိုယ် အပူချိန်ကိုလည်း လျှော့ချပေးနိုင်မှာပါ။ ရေဓာတ် ပြည့်ဝစေဖို့ဆိုရင် လုပ်လို့ ရတာက ရေများများ သောက်ပေးလို့ ရသလို ဓာတ်ဆားဖြည့်အချိုရည်တွေ သောက်ပေးတာ၊ သကြားမပါတဲ့ သစ်သီးဖျော်ရည်တွေကို သောက်တာ၊ အုန်းစိမ်းရည် သောက်ပေးတာမျိုးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။