နျူစက်ရုံဟောင်းမှ ပင်လယ်ထဲသို့ ရေဆိုးစွန့်ပစ်မှုကြောင့် မလေးရှားလည်း စိုးရိမ်နေ

မလေးရှားဟာ ဂျပန်နိုင်ငံမှ စားသောက်ကုန်တွေကို ဆက်လက်တင်သွင်းနေပေမဲ့ ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံဟောင်းမှ ရေဆိုးတွေကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းဆိုင်ရာ နိုင်ငံတကာမှ အကြံပြုချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဂျပန်အစိုးရ လက်ခံမယ်လို့ မျှော်လင့်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အစီရင်ခံစာကို မလေးရှားက အားရကျေနပ်ကြောင်း ဝန်ကြီးချုပ် ဒါတက်ဆရီအန်နဝါအီဘရာဟင်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း မလေးရှားအပါအဝင် ဒေသတွင်းနိုင်ငံတွေကို အမြင်တွေကို ဂျပန်အစိုးရ ထည့်သွင်းစဉ်းစားဖို့ မျှော်လင့်ကြောင်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

” လူနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အဲဒီရေဆိုးတွေကနေ ရေဒီယိုသတ္တိကြွမှုနဲ့ ဓာတ်ရောင်ခြည်သက်ရောက်မှု အားနည်းမယ်လို့ ဂျပန်လွှတ်တော်က အာမခံထားပေမဲ့ ကျနော်တို့အမြင်နဲ့ စိုးရိမ်မှုတွေကို ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ လက်ခံပေးဖို့ မျှော်လင့်ပါတယ်” လို့ အန်နဝါအီဘရာဟင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်က မလေးရှားဝန်ကြီးချုပ်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ ကွာလာလမ်ပူမြို့တော်မှာ တွေ့ဆုံကြပြီးနောက် ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ် ဆူနာမီလှိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေဆိုးများ တတိယအသုတ်ကို အခုနိုဝင်ဘာ ၂ ရက်က စတင်စွန့်ပစ်ထုတ်လွှတ်ခဲ့ပါတယ်။