နိုင်ငံတကာသတင်းပေါင်းချုပ်

-တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် (Qin Gang) သည် ပါလက်စတိုင်းနိုင်ငံခြားရေး ဝန်ကြီး ရီရတ်အယ်လ်မာလီကီ (Riyad al-Maliki) နှင့် ဇွန်လ ၁၃ ရက်တွင် မြို့တော် ပေကျင်း (Beijing) ၌ တွေ့ဆုံခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ရီရတ်အယ်လ်မာလီကီသည် ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့သွားရောက်စဉ်အတွင်း အထက်ပါအတိုင်း တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းလူမျိုးများ၏ တရားဝင် အခွင့်အရေးများပြန်လည်ရရှိရေး၊ ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရေးတို့အတွက် အမြဲထောက်ပံ့ပေးလျက်ရှိကြောင်း ချင်ဂန်က ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်းအနေဖြင့်လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံပြီး တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့်ပတ်သက်သည့်ကိစ္စရပ်များတွင် တရုတ် နိုင်ငံကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ရီရတ်အယ်လ်မာလီကီက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

-ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ဇွန်လ ၁၃ ရက်တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် အဇော့ (Azov) ပင်လယ်နှင့် ခါ့ချ် (Kerch) ရေလက်ကြားအား မျှဝေသုံးစွဲရေးဆိုင်ရာသဘောတူစာချုပ်အား ဖျက်သိမ်း သည့်ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် အဆိုပါသဘောတူ စာချုပ်ကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်၊ ဧပြီလတွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသဘောတူညီချက်အရ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ရေယာဉ်များသည် ခါ့ချ်ရေလက်ကြားတွင် လွတ်လပ်စွာ ဖြတ်သန်းခုတ်မောင်းသွားလာခွင့်ရှိကြောင်း သိရှိရပါသည်။

-ယူကရိန်းနိုင်ငံသားများအနေဖြင့် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်ခြင်းမပြုရန် CIA က သတိပေးပြောကြားမှုပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇွန်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခံရမှုတွင် ယူကရိန်းနိုင်ငံသားတစ်ဦးပါဝင်နေကြောင်း သိရှိခဲ့ရ ပြီးနောက် CIA က အထက်ပါအတိုင်း သတိပေးပြောကြားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ ရုရှားနှင့် ဥရောပအား ဆက်သွယ်ပေးထား သည့် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။  

-ယူကရိန်းနိုင်ငံသို့ ထပ်မံပေးအပ်မည့် အမေရိကန်ဒေါ်လာ ၃၂၅ သန်းတန်ဖိုးရှိ အမေရိကန်အစိုးရ၏ စစ်ရေးအကူအညီသစ်သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကို ပိုမိုဆိုးရွားစေလိုသည့် အမေရိကန်၏သဘောထားကို ထင်ဟပ်နေကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အက်နာတိုလီအန်တိုနော့ဗ် (Anatoly Antonov) က ဇွန်လ ၁၄ ရက်အစောပိုင်းတွင် ပြစ်တင်ဝေဖန်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြ ထားပါသည်။ အမေရိကန်၏ စစ်ရေးအကူအညီသစ်တွင် လေကြောင်းရန်ကာကွယ်ရေး စနစ်များအတွက် ခဲယမ်းများ၊ အခြားလိုအပ်သော ခဲယမ်းမီးကျောက်များနှင့် ယာဉ်များ ပါဝင်ပါသည်။ ယူကရိန်းအနေဖြင့် အနောက်အုပ်စုမှ ထောက်ပံ့ပေးထားသည့် စစ်လက်နက် ပစ္စည်းများအကူအညီဖြင့် ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်နွှဲရန် ကာလကြာရှည်စွာ ပြင်ဆင်လျက်ရှိစဉ် အမေရိကန်၏ အထက်ပါဆုံးဖြတ်ချက် ထပ်မံပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

-အစ္စရေးစစ်ဘက်သည် ဇွန်လ ၁၄ ရက်အစောပိုင်းတွင် ဆီးရီးယားနိုင်ငံ၊ မြို့တော် ဒမတ်စကပ် (Damascus) ၏ အနောက်တောင်ဘက်ပိုင်းရှိ နေရာအများအပြားသို့ ပစ်မှတ်ထားကာ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် SANA သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြထားပါသည်။ ဆီးရီးယား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဂိုလန်ကုန်းမြင့်ဒေသ (Golan Heights) မှ ပစ်ခတ်ခဲ့သည့် အစ္စရေး၏ဒုံးကျည်အချို့ကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သော်လည်း ထိခိုက် ပျက်စီးမှုများရှိခဲ့ပါသည်။ အစ္စရေး၏ အထက်ပါဒုံးကျည်တိုက်ခိုက်မှုကြောင့် ဆီးရီးယား တပ်ဖွဲ့ဝင် ၁ ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ပစ္စည်းအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ဆီးရီးယား စစ်ဘက်က အတည်ပြုထားပါသည်။ ပြီးခဲ့သည့်တစ်နှစ်ကျော်ကာလအတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် စစ်ဘက်တပ်ဖွဲ့ဝင်များအပါအဝင် ဆီးရီးယားနိုင်ငံသား ၄၄ ဦး သေဆုံးကာ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။  

-အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သမ္မတ ရှိတ်မိုဟာမက်ဘင်ဇာရတ် အယ်လ်နာရန် (Sheikh Mohamed bin Zayed Al Nahyan) နှင့် ချဒ်အသွင်ကူးပြောင်းရေး သမ္မတ အိုင်ဒရစ်ဒီဘေး (Idriss Deby) တို့သည် ဇွန်လ ၁၄ ရက်တွင် UAE နိုင်ငံ၊ မြို့တော် အဘူဒါဘီ (Abu Dhabi) ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ANI သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်မှုကို မြှင့်တင်နိုင်ရန် အတွက် ဆွေးနွေးခြင်း၏အရေးပါမှုနှင့်စပ်လျဉ်း၍ တူညီသည့်ယုံကြည်ချက်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြပါသည်။ ထို့ပြင် UAE နှင့် ချဒ်တို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေး စသည့်နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်နည်းလမ်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရှိရ ပါသည်။

-ကူဝိတ်စော်ဘွား ရှိတ်နာဝပ်အယ်လ်အာမတ်အယ်လ်ဂျာဘာအယ်လ်ဆာဘရှ် (Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah) သည် ရှိတ်အာမတ်နာဝပ်အယ်လ် အာမတ်အယ်လ်ဆာဘတ် (Sheikh Ahmed Nawaf Al-Ahmed Al-Sabah) ကို ကူဝိတ်ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ရန် တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ကြောင်း ကူဝိတ် သတင်းအေဂျင်စီ (KUNA) က ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကူဝိတ်စော်ဘွား သည် ဝန်ကြီးချုပ် ရှိတ်အာမတ်၏ နုတ်ထွက်စာကိုလက်ခံပြီးနောက် တစ်ပတ်ခန့် အကြာတွင် ၎င်းတော်ဝင်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ကူဝိတ်စော်ဘွား လက်မှတ် ရေးထိုးခဲ့သော တော်ဝင်အမိန့်အရ ရှိတ်အာမတ်သည် အစိုးရအဖွဲ့ဝင်အသစ်များအမည် စာရင်းတင်သွင်းခြင်းနှင့် ရွေးချယ်ခန့်အပ်ခြင်းတို့အတွက် တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

-ဗြိတိန်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် မျိုးဆက်သစ်တိုက်လေယာဉ် ပူးတွဲထုတ်လုပ် နိုင်ရေးနှင့်ပတ်သက်၍ ဂျပန်၊ အီတလီနိုင်ငံတို့နှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်းစက်မှုလုပ်ငန်းရှင်များက ပြောကြားခဲ့ ကြောင်း Nikkei Asia သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ မျိုးဆက်သစ်တိုက်လေယာဉ် ပူးတွဲထုတ်လုပ်ရေးနှင့်ပတ်သက်၍ မည်သည့်နိုင်ငံနှင့်မျှ ဆွေးနွေးညှိနှိုင်းထားခြင်းမရှိသည့်အတွက် လက်ရှိအချိန်တွင် ဂျပန်၊ အီတလီနိုင်ငံတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူး မာတင်လိုဝီ (Martin Lowe) က ပြောကြားထားပါသည်။ Global Combat Air Program ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းကို ဗြိတိန်နိုင်ငံ၏ BAE Systems ကုမ္ပဏီ၊ ဂျပန်နိုင်ငံ၏ Mitsubishi Heavy Industries ကုမ္ပဏီနှင့် အီတလီနိုင်ငံ၏ Leonardo ကုမ္ပဏီတို့က ပူးတွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

-မက္ကဆီကိုသမ္မတ  အန်းဒရက်စ်မန်နျူရယ်လိုပက်စ်အိုဘရေဒေါ (Andres Manuel Lopez Obrador) က အလီစီယာဘာစီနာ (Alicia Barcena) အား နိုင်ငံခြားရေးဝန်ကြီး အဖြစ်ခန့်အပ်ကြောင်း ဇွန်လ ၁၃ ရက်တွင် ကြေညာခဲ့သည်ဟု Xinhua သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အိုဘရေဒေါသည် ဘာစီနာကို မာစီလိုအက်ရက် (Marcelo Ebrard) နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် မာစီလိုအက်ရက်အနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ National Regeneration Movement ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားရန် လုပ်ဆောင်လျက်ရှိခြင်း ကြောင့် ၎င်း၏နေရာတွင် ဘာစီနာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု အိုဘရေဒေါက ပြောကြားထားကြောင်း သိရှိရပါသည်။  

-အယ်လ်ဂျီးရီးယားသမ္မတ အဗ္ဗဒယ်လ်မာဂျစ်ဒ်တက်ဘော့နီ (Abdelmadjid Tebboune) သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၃ ရက်မှစ၍ ၃ ရက်ကြာခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ ရောက်ရှိလျက်ရှိကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြထားပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အရှေ့အလယ်ပိုင်းနှင့် ဆာဟဲလ်ဒေသတွင်းအခြေအနေများအပါအဝင် နိုင်ငံတကာရေးရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအပေါ် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ သမ္မတ တက်ဘော့နီသည် ၎င်း၏ခရီးစဉ်အတွင်း ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဖိုရမ် (International Economic Forum) သို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

-နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း အက်ဝါအိုင်ဘွန် (Akwa Ibom) ပြည်နယ်၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဂေါ့ဒ်ဝယ်လ်အက်ဖာဘီယို (Godwill Akpabio) သည် နိုင်ဂျီးရီးယားအထက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဇွန်လ ၁၃ ရက်တွင် အထက်လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရ ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲသည် နိုင်ဂျီးရီးယားအထက်လွှတ်တော်အမတ်များနှင့် နိုင်ငံရေးခေါင်းဆောင်များအကြား သီတင်းပတ် များစွာအချိန်ယူ၍ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အက်ဖာဘီယိုသည် နိုင်ဂျီးရီးယားအမျိုးသားလွှတ်တော်ကို ဦးဆောင်သွားမည်ဖြစ်ပြီး နိုင်ငံ၏ တတိယမြောက်အဆင့်ရှိသည့် အကြီးအကဲတစ်ဦးဖြစ်လာမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

-NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့သည် ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၃ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း NHK သတင်း ဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြထားပါသည်။ အနောက်နိုင်ငံများအနေဖြင့် ယူကရိန်း နိုင်ငံသို့ လက်နက်များပေးပို့ခြင်းကို ရပ်တန့်ခြင်းသည်သာလျှင် ယူကရိန်းပဋိပက္ခအား အဆုံးသတ်သွားစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ပြောကြားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွေ့ဆုံမှုပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်ပါသည်။ တွေ့ဆုံမှုအပြီးတွင် NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်ရေးဆိုင်ရာအကူအညီများ တိုးမြှင့်ပေးအပ်သွားမည်ဟု စတိုတန်ဘာ့ဂ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။