နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ (ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO) တို့၏ ကိုယ်စားလှယ်အဖွဲ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ALP၊ DKBA၊ KNU/ KNLA-PC၊ LDU၊ PNLO အဖွဲတို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့များကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်၊ အကြောင်းအရာများကို ဆွေးနွေးညှိုနှိင်းကြပြီး နှစ်ဖက်ညှိနှိင်းရရှိသည့် ဆွေးနွေးပွဲအစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။

ထို့နောက် ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်လိုသောအချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတို့ကို အပြန်အလှန် ဆွေးနွေးညှိနှိင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကိုရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။