ဒီဇင်ဘာ ၄ ရက်နေ့ မှုခင်းသတင်းများ

-ဒီဇင်ဘာ ၃ ရက် ၁၄၄၀ နာရီတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သစ္စာလမ်းရှိ “အဆွေတော်” ဖုန်းပြုပြင်/ရောင်းဝယ်ရေးဆိုင်၌ အောင်သန့်ဇင်(၂၃)နှစ်နှင့် ချစ်ကိုကိုခန့်(၂၂)နှစ်တို့သည် ဖုန်းဆိုင်၌ ပြန်လည်ရောင်းချရန် ရောက်ရှိလာသည့် ဖုန်းမျိုးစုံ ၅၀ လုံးခန့်အား စစ်ဆေးနေစဉ် အကြမ်းဖက် ကျား ၂ ဦး၊ မ ၂ ဦး၊ ပေါင်း ၄ ဦးတို့သည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ (စိစစ်ဆဲ)ကျား ၁ ဦးမှ ပစ္စတိုဖြင့် ချိန်ရွယ်၍ ဝန်ထမ်းများအား ခေါင်းငုံ့ထားခိုင်းခဲ့၍ ဖုန်းမျိုးစုံ ၈၀ လုံးခန့်(ကာလတန်ဖိုး သိန်း ၄၀၀ ကျပ်ခန့်)နှင့် ဖုန်းရောင်းချရငွေ  သိန်း ၅၀ ကျပ်ခန့်တို့အား ယူဆောင်၍ သစ္စာလမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်သွားကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃ ရက် ၀၇၀၀ နာရီတွင် ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာအနီးရှိ အမှတ်(၁)သကြားစက်မှ ဦးဇော်မျိုး (၃၃)နှစ်သည် ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်လှိုင်(၂၇)နှစ်၊ သမီးဖြစ်သူ မလှယမင်း(၂)နှစ်တို့နှင့်အတူ သကြားစက်မှ ၆ ဖာလုံခန့်ကွာဝေးသည့် ထန်းတပင်ကျေးရွာ၌ ဈေးဝယ်ယူရန် ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာ ၀၇၁၅ နာရီတွင် ထန်းတပင်ကျေးရွာအဝင်သို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ ပစ္စတိုဖြင့်ချိန်ရွယ်ကာ ဆိုင်ကယ်အား ရပ်တန့်ခိုင်းပြီး ဦးဇော်မျိုးအား ကြိုးတုတ်ကာ အိုင်လျားကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒေါ်နွယ်နွယ်လှိုင်နှင့် သမီးဖြစ်သူ မလှယမင်းတို့ ၂ ဦး အား လွှတ်ပေးခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃ ရက် ၁၆၄၀ နာရီတွင် အကြမ်းဖက် PDF အဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာဘက်မှ Drone ၁ စီးဖြင့် ခရွဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်းအား ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ ဆေးပေးခန်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးလက်ကျန်းမာရေးဆေးပေးခန်းရှိ လေကာမှန် ၂ ချပ်၊ ပြူတင်း တံခါးမှန် ၂ ချပ်၊ ဆိုလာ ၂ ချပ်နှင့် မီတာ box တို့ပျက်စီးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃ ရက် ၁၈၀၀ နာရီတွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ ပတ္တမြားလမ်းရှိ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံရှေ့၊ ရုံးအဝင်ရှိ စံပယ်ပန်းရုံအတွင်း တရုတ်လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃ ရက် ၀၈၀၀ နာရီတွင် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာနေ ဦးမြင့်သိန်းထွန်း(ခ)တရုတ်ကြီး(၃၁)နှစ်၊ ဒေါ်စန္ဒာ (ခ)မစန်း(၄၅)နှစ်တို့ ၂ ဦးသည် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ မောင်းနှင်သည့် Drone ယာဉ် ၁ စီးသည် ခြံဝန်းအတွင်းသို့ Drop Bomb ၁ လုံး ဖြုတ်ချဖောက်ခွဲခဲ့ရာ ဦးမြင့်သိန်းထွန်း(ခ)တရုတ်ကြီးတွင် ယာခါးဗုံးစထိမှန် ဒဏ်ရာ၊ ဒေါ်စန္ဒာ(ခ)မစန်းတွင် ဝဲလက်ပြင်ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃ ရက် ၁၇၂၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းဘေးရှိ‘‘ဝင်း’’စတိုးဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရ။