သူတော်ကောင်းတိုရဲ့အလှူ

သူတော်ကောင်းတွေဟာ လှူပြီဆိုလို့ရှိရင် အလှူခံပုဂ္ဂိုလ်တွေကို ချီးမြောက်တဲ့စိတ်နဲ့လှူလေ့ရှိတယ်။
ကိုယ်က အသာစီးနဲ့လှူတာ မဟုတ်ဘူး။

ငါလှူထားတာ ငါကျွေးနိုင်တယ်၊
ငါကျွေးတယ်ဆိုတဲ့အပေါ်စီးနဲ့ မဟုတ်ဘူး။

လှူကတည်းက ကိုယ်ကနေပြီးတော့ ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာဖြစ်တယ်။ အလှူခံပုဂ္ဂိုလ်တွေ ဝဝလင်လင် စားသောက်ရလို့ စိတ်ချမ်းသာမှုတွေ ရကြပါစေ၊ သူတို့ အဆင်ပြေကြပါစေ၊ နေရေးထိုင်ရေး အဆင်ပြေကြပါစေ၊
စားရေးသောက်ရေး အဆင်ပြေကြပါစေ၊
အဲဒီလို အလှူခံပုဂ္ဂိုလ်တွေကို ပူဇော်လို ချီးမြှောက်လိုတဲ့စိတ်မျိုးနဲ့ လုပ်ရမယ်။

လှူတယ်ဆိုကတည်းက ပူဇော်တဲ့စိတ်နဲ့လှူဖို့၊ ချီးမြှောက်တဲ့စိတ်နဲ့လှူဖို့၊ သူ့ကို ကူညီတယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ လှူဖို လိုအပ်တယ်။

အဲဒီလို လှူလိုက်ရင် ဒါနရဲ့အကျိုးရလာတဲ့အခါမှာ လူတွေဟာ မွန်မွန်မြတ်မြတ်ပစ္စည်းတွေကို သုံးဆောင်လိုတဲ့စိတ် ဖြစ်ပေါ်လာတယ်။

ငယ်ငယ်တုန်းကတော့ တွေ့တယ်၊ တစ်ခါတစ်ခါ။ ပိုက်ဆံချမ်းသာတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေ၊ သိုသော်လည်း ဝတ်ထားစားထားတာ ဆင်းရဲသားလို ဝတ်ထားစားထားတယ်။
ဆင်းဆင်းရဲရဲ သူဆင်းရဲကြီးလို နေတယ်။
သိုသော် ပိုက်ဆံငွေကြေးတွေ၊ စိန်တွေ တော်တော်များများ ရှိတယ်။

ပတ်ဝန်းကျင်က ကြည့်မယ်ဆိုရင် နှမျောလိုက်ကြတာပေါ့။
နှမျောလို မသုံးတာလို့ ဒီလိုထင်တယ်။ နှမျောလို့ချည်း မဟုတ်ဘူး။

ဒါနကောင်းမှုလုပ်ခဲ့တဲ့ အချိန်တုန်းက အလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်လိုတဲ့စိတ်နဲ့ လှူတာ မဟုတ်ဘူး။
အားပေးလိုတဲ့စိတ်နဲ့လှူတာ မဟုတ်ဘူး။
မပေးချင် ပေးချင် ပေးတာမျိုးတွေ ဖြစ်လာတယ်။

အဲဒါကြောင့် ရလာတဲ့အခါလည်း ကိုယ်မစားချင် မသောက်ချင် ဖြစ်လာတယ်။ ဒါလည်း သတိထားစရာကောင်းတယ်။

ကိုယ်ရထားတဲ့ပစ္စည်းတောင် ကိုယ်က မသုံးရက်ဘူး ဖြစ်လာတယ်။
နှမျောတာသက်သက် မဟုတ်ဘူး၊

ဒါနကောင်းမှုလုပ်တုန်းက မစင်ကြယ်သည့်အတွက်ကြောင့် မသုံးရဲဘူး၊
မသုံးချင်ဘူး စိတ်ကိုက မပါဘူးလို့ ဒီလိုဆိုလိုတယ်။

စိတ်မပါရုံတင် မကဘူး၊ တစ်ချို့ဆို အကောင်းနဲ့
မတည့်တဲ့လူကလည်း ရှိသေးတယ်။ အကုသိုလ်ဆိုတာ အလွန်ကြောက်စရာကောင်းတယ်။ စိတ်သဘောထားပေါ်မှာ မူတည်တယ်၊ အကောင်းတွေရှိနေပေမယ်လို့ အကောင်းနဲ့မတည့်ဘူး။

အဲဒီလို အကောင်းနဲ့မတည့်တော့ ကိုယ်အကောင်းစားရသလားဆို မစားရဘူး၊ အဲဒီလို ဖြစ်တတ်တယ်။

နေအိမ်ကောင်းကောင်း မနေရဘူး၊ ကားကောင်းကောင်း မစီးရဘူး၊ အဝတ်ကောင်းကောင်း မဝတ်ရဘူး၊ အဲဒါမျိုးတွေ ဖြစ်လာတတ်တယ်။

ဒါကြောင့်မိုလို အလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်လိုတဲ့စိတ်နဲ့ထား၊ တစ်ဖက်သားဟာ ရွှင်လန်းသွားအောင် အားတက်သရော ဖြစ်လာအောင် တစ်ဖက်သားကို ပံ့ပိုးကူညီပေးတဲ့ဒါနမျိုးသာ ဖြစ်သင့်တယ်။

ဒါ သူတော်ကောင်းတွေ လှူလေ့ရှိတဲ့ဒါနပေါ့။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

🙏🏻🙏🏻🙏🏻