ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက ထောက်ခံသည်ဆိုခြင်း

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံကြောင်းနှင့် ဤသို့ကြိုးပမ်းမှုနှင့်ပတ်သက်၍ ပါဝင်သည့် တောင်အာဖရိကနှင့် အခြားအာဖရိကနိုင်ငံများ၏ အခန်းကဏ္ဍကို ချီးကျူးသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပဋိပက္ခစေ့စပ်ညှိနှိုင်းမှုအား အကူအညီဖြစ်စေရန်အတွက် ယူကရိန်းနှင့် ရုရှားသို့ သွားရောက်လည်ပတ်ခဲ့သည့် အာဖရိကခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တစ်ခု၏ ကြိုးပမ်းမှုအပေါ် တရုတ်နိုင်ငံ၏ ရှုမြင်ချက်နှင့်ပတ်သက်၍ မေးမြန်းစဉ် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း၊ တောင်အာဖရိကသမ္မတနှင့် ဆီနီဂေါ၊ ဇမ်ဘီးယား၊ ကိုမိုရိုနှင့် အီဂျစ်နိုင်ငံတို့မှ ခေါင်းဆောင်များနည်းတူ ကွန်ဂိုနှင့် ယုဂန္ဓာမှ ထိပ်တန်းကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့သည် ယူကရိန်းနှင့် ရုရှားသို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

ယူကရိန်းသမ္မတ ဇီလင်စကီးက ဇွန်လ ၁၆ ရက်က ကိုယ်စားလှယ်များနှင့် ပြုလုပ်သည့် အစည်းအဝေးတစ်ခုပြုလုပ်စဉ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ၌ အာဖရိကခေါင်းဆောင်များအား တက်ရောက်ရန် ဖိတ်ကြား ခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်က ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးစဉ်အတွင်း ရုရှား သမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းနိုင်ငံအတွင်း အခြေအနေများနှင့်ပတ်သက်၍ အာဖရိကနိုင်ငံများ၏ မျှတသည့်သဘောထားနှင့် ပဋိပက္ခအား ဖြေရှင်းလိုသည့် ယင်းတို့၏ဆန္ဒကို တန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။

မော်နင်းက ၎င်း၏ဆန္ဒသည် ယူကရိန်းပဋိပက္ခ အပစ်အခတ်ရပ်စဲရေးနှင့် တင်းမာမှုလျော့နည်းရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံလိုလားချက်ကို ထင်ဟပ်စေကြောင်း၊ စစ်ပွဲနှင့် ပိတ်ဆို့အရေးယူမှုများသည် ပြဿနာကို ပြေလည် စေမည်မဟုတ်ကြောင်း၊ ဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုများသည် ယူကရိန်းပဋိပက္ခ အတွက် အလားအလာရှိသည့် နည်းလမ်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပဋိပက္ခ၏ နိုင်ငံရေးဆိုင်ရာ ဖြေရှင်းမှုအတွက် အလားအလာရှိသည့် စည်းကမ်းများကို အာဖရိက နိုင်ငံများအပါအဝင် သက်ဆိုင်ရာနိုင်ငံအားလုံးနှင့် အတူတကွလုပ်ဆောင်ရန် ဆန္ဒ ရှိကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါသည်။

မေလအတွင်းက ယူရေးရှားရေးရာ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ အထူး ကိုယ်စားလှယ် လီဝါက ပိုလန်၊ ယူကရိန်း၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီနိုင်ငံသို့ သီတင်းနှစ်ပတ်ကြာသွားရောက်လည်ပတ်ခဲ့ကြောင်း၊ ၎င်းသည် ထိပ်တန်း သံတမန်များ၊ သို့မဟုတ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းပဋိပက္ခအား နိုင်ငံရေးအရ ဖြေရှင်းရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။