တရုတ်က ကြံတစ်တန် ကျပ်နှစ်သိန်းကျော်ထိ ဈေးပေးဝယ်ယူနေ

အခုနှစ်ကြံရာသီမှာ တရုတ်ဝယ်လက်တွေက ကြံတစ်တန်ကို ကျပ်နှစ်သိန်းကျော်ထိ ဈေးပေးဝယ်ယူနေတယ်လို့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ သိရပါတယ်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အခုနှစ်ကြံရာသီအတွင်း ကြံ တန်ချိန် ၁၆၀၀၀၀ တင်ပို့ဖို့ရှိပြီး လက်ရှိ ပြည်တွင်းကုမ္ပဏီနှစ်ခုကနေ တင်ပို့နေတာဖြစ်ကာ တစ်နေ့ကို ကားအစီးရေ ၃၀၀ ကနေ ၅၀၀ အထိ တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီးနောက် တရုတ်ဘက် ကြံဝယ်ယူမှု မြင့်တက်လာခဲ့သလို ပြည်တွင်း ကြံတစ်တန် ကြံခင်းဈေးကလည်း ကျပ် တစ်သိန်းနီးပါးထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံကကြံတွေကို တစ်ဖက်တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ မိန်းတိန်မြို့ရှိ နမ့်ဟွာသကြား စက်ရုံကဝယ်ယူတာလို့ သိရပါတယ်။