တပ်မတော် နှင့် PDF တို့၏ ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

တပ်မတော်နှင့် PDF တို့၏ ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS/SSA အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RCSS/SSA အဖွဲ့သည် ယနေ့(ဧပြီလ ၃ ရက်)တွင် ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အထက်ပါကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် RCSS/SSA အဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည်ဟုဆိုကာ အင်းလေး PDF မှ ပြောဆိုမှုသည် မှန်ကန်မှုမရှိဘဲ ကောလာဟလသတင်းသာဖြစ်ကြောင်း RCSS က ပြန်လည်တုံ့ပြန်ထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် ရှမ်းပြည်တောင်ပိုင်း၌ဖြစ်ပွားသည့် PDF နှင့် တပ်မတော်တို့၏ တိုက်ပွဲများအတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိကြောင်း အသိပေးပြောဆိုထားသည်။

ထို့ပြင် ဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်သောလုပ်ရပ်များကိုလည်း RCSS/SSA အနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ပြောဆိုထားသည်။

RCSS/SSA အနေဖြင့် NCA စာချုပ်အပေါ် ရပ်တည်ကာ နိုင်ငံရေးဆွေးနွေးမှုများကို ဆောင် ရွက်လျက်ရှိပြီး စီးပွားရေးအခွင့်အရေးများကြောင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မဟုတ်ကြောင်းလည်း ဖြေရှင်းထားသည်။

နိုင်ငံရေးဆွေးနွေးမှုကြောင့် ပြည်သူလူထုနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သည့် တိုက်ပွဲများကို လျှော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တည် ထောင်နိုင်ရန် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA ကို လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း RCSS/SSA က ဆိုသည်။

ထို့ပြင် RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေး နွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ဖော်အသိပေးထားသည်။

လက်ရှိတွင် RCSS/SSA သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

အလားတူ နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင်လည်း RCSS/SSA အနေဖြင့် ဦးဆောင်ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။

မျိုးကြီး (NP News) – ဧပြီ ၃