တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို ဩဂုတ်လ ၂၆ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပါသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သံဃာတော်အရှင်သူမြတ်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဩဂုတ်လ ၂၆ ရက်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပါသည်။

ထို့ပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က ဩဂုတ်လ ၂၆ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာရှိ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။