တစ်နိုင်ငံလုံးနီးပါး မိုးထစ်ချုန်းရွာပြီး လေပြင်းများတိုက်နိုင်

မတ်လ ၁၉ ရက် နံနက် ၃ နာရီမှ မတ်လ ၂၄ ရက်နေ့ ညသန်းခေါင်အချိန်အထိ ECMWF Model ရဲ့ တိမ်ထုစုဖွဲ့ဖြစ်ပေါ်ရွေ့လျားမှု၊ မိုးရွာနိုင်မဲ့ အခြေအနေများနဲ့ လေဖိအားနည်း/များပြ မျဉ်းများဖြစ်ပေါ်မှုစသည်တို့ပါဝင်တဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ –

  • မတ်လ ၂၀ ရက် မွန်းလွဲပိုင်းက စ ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို အရှေ့ဘက်ကဝင်ရောက်လာတဲ့ မိုးတိမ်တွေကြောင့် မိုးရွာသွန်းခြင်း၊ အရှေ့-အရှေ့တောင်ဘက်မှာ လေပြင်း တစ်နာရီမိုင်၂၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။
  • ၂၁ ရက်နေ့ မွန်းလွဲ-ညနေပိုင်းက စ ပြီး ၂၃ ရက်နေ့ ညပိုင်းအထိ ၄၈ နာရီခန့်အချိန်အတွင်းမှာ အနောက်ဘက်-အိန္ဒိယဘက်နဲ့ ကပ္ပလီပင်လယ်ပြင်မှဝင်လာတဲ့ မိုးတိမ်တွေရဲ့ ထုထည်စုဖွဲ့မှုအခြေအနေများပေါ်မူတည်ပြီး တစ်နိုင်ငံလုံး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမကွေ့မှတဆင့် ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး လေပြင်းတစ်နာရီ ၁၅ မိုင်မှ အများဆုံး wind gust ၃၂ မိုင်အထိတိုက်ခတ်နိုင်ကြောင်းတွေ့ရပါတယ်။

အနောက်ဘက်ကဝင်လာတဲ့ မိုးတိမ်စုဖွဲ့ဝင်ရောက်မှုမှာ အမြင့်ပေ ၂၀၀၀ မှ အမြင့်ပေ ၁၅,၀၀၀ အတွင်းဖြစ်ပေါ်နိုင်တဲ့ မိုးတိမ်တောင်ကြီးများလည်းပါဝင်လာနိုင်ကြောင်းတွေ့ရတဲ့အတွက် အဲ့ဒီမိုးတိမ်တောင်များရွေ့လျားရာလမ်းတလျှောက် ခြောက်သွေ့စိုက်ဆင်းလေပြင်း(Dry Downburst)တိုက်ခတ်နိုင်တဲ့ အခြေအနေများရှိနေတာကို သတိပြုကြရပါမယ်။

MMWeather Knowledge Website လို့ခေါ်တဲ့ ဖော်ပြပါလင့်ခ်မှာ –

စိုက်ဆင်းလေပြင်းအကြောင်း၊ ပြည်နယ်နှင့်တိုင်းမြို့ကြီးများရဲ့ ၄ ရက်အတွင်းဖြစ်နိုင်တဲ့မိုးလေဝသအခြေအနေ၊ ပြည်နယ်တိုင်းမြို့ကြီးများမဟုတ်သောမြို့များ(Non-Divisional Cities)ရဲ့ ၄ ရက်အတွက် မိုးလေဝသခန့်မှန်းချေများတင်ပြပေးထားတာကြောင့် မပြတ်စောင့်ကြည့်လေ့လာကြစေချင်ပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”