တင်လဲရည်ကို ဥယျာဉ်စိုက်ခင်းများမှာ အသုံးချသော်..

တင်လဲရည်ဆိုတာ တောင်သူတွေနဲ့ စိမ်းကြမယ်မထင်ပါဘူး။ စိုက်ပျိုးရေးမှာ သဘာဝမြေသြဇာတွေ ရွက်ဖျန်းအားဆေးတွေပြုလုပ်တဲ့အခါ တင်လဲရည်ကို အတော်များများမှာ ထည့်သွင်းအသုံးပြုကြလို့ ဖြစ်ပါတယ်။

တင်လဲရည်ကို ကျွန်တော်တို့ဆီမှာတော့ ယေဘုယျအားဖြင့် သကြား၊ ထန်းလျက်၊ ကြံသကာ စတာတွေနဲ့ ပြုလုပ်ကြတာဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ အခြားသောသဘာဝပစ္စည်းတွေကို အသုံးပြုကြတာဖြစ်ပါတယ်။ စပျစ်၊ ကြံနဲ့ သကြားမုန်လာတို့ကနေလည်း တင်လဲရည်ကို ရရှိနိုင်ပါတယ်။

တင်လဲရည် (Molasses) မှာဆိုရင် မဂ္ဂနီဆီယမ်၊ အိုင်းယွန်း၊ ပိုတက်စီယမ်၊ ကော့ပါး၊ ကယ်လ်စီယမ်၊ ဗီတာမင် ဘီ ၆၊ ဆီလီနီယမ်နဲ့ အခြားသော အနည်းလိုအာဟာရဓာတ်များကဲ့သို့ အကျိုးပြု အပင်အာဟာရဓာတ်တွေ ပါရှိနေတာ ဖြစ်ပါတယ်။ ၎င်းတို့ကို အာဟာရဓာတ်တိုးမြင့်စေဖို့အတွက် အော်ဂဲနစ်မြေသြဇာတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်သလို တင်လဲရည်ကို ရေနဲ့ရောပြီး မြေကြီးပေါ်သို့ လောင်းပေးခြင်း (သို့မဟုတ်) အပင်ရဲ့ အရွက်တွေအပေါ် တိုက်ရိုက်ပက်ဖျန်းပေးခြင်းဖြင့်လည်း အသုံးပြုနိုင်ပါတယ်။

တင်လဲရည်ကနေတဆင့် အလွယ်တကူရရှိနိုင်တဲ့ အဆိုပါအာဟာရဓာတ်တွေဟာ အပင်တွေအတွက် မြန်ဆန်စွာရရှိစေမဲ့ မြေသြဇာအဖြစ် လုပ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ တင်လဲရည်မှာပါဝင်နေတဲ့ သကြားဓာတ်တွေဟာ မြေဆီလွှာထဲမှာတွေ့ရှိရတဲ့ အကျိုးပြု အဏုဇီဝသက်ရှိတွေအတွက် အစာအရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ထို့ကြောင့်ပဲ ကျန်းမာတဲ့မြေဆီလွှာကနေ ကျန်းမာသန်စွမ်းတဲ့ အပင်တွေကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ 

အပင်များတွင် တင်လဲရည် (Molasses) ကိုအသုံးပြုခြင်း

အပင်တွေမှာ တင်လဲရည်ကို အသုံးပြုခြင်းဟာ နည်းလမ်းသစ် တစ်ခုတော့မဟုတ်ပါဘူး။ ၎င်းကို အော်ဂဲနစ်နည်းလမ်းနဲ့ သီးနှံတွေစိုက်ပျိုးထုတ်လုပ်ရာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

တင်လဲရည်ဟာ အပင်များအတွက် စုပ်ယူရလွယ်ကူသော အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ တင်လဲရည်မှာပါဝင်နေတဲ့ အာဟာရဓာတ်တွေကို အပင်အများစုရဲ့ အမြစ် (သို့မဟုတ်) အရွက်တွေကနေ အလွယ်တကူနဲ့ လျင်မြန်စွာ စုပ်ယူနိုင်တာလည်း ဖြစ်ပါတယ်။ 

ထို့အပြင် တင်လဲရည်မှာ ပါဝင်နေတဲ့ သကြားဓာတ်တွေဟာ အထက်မှာဖော်ပြခဲ့သလိုပဲ မြေဆီလွှာမှာရှိတဲ့ အဏုဇီဝသက်ရှိတွေအတွက် အစာအရင်းအမြစ် ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ အဆိုပါအဏုဇီဝသက်ရှိလေးတွေဟာ အပင်ရဲ့အမြစ်တွေနဲ့ အပြန်အလှန် အကျိုးပြုယှဉ်တွဲနေထိုင်နိုင်တဲ့ symbiotic ဆက်နွှယ်မှုတည်ဆောက်ထားတာကြောင့် အန္တရာယ်ရှိတဲ့မှိုတွေနဲ့ ဘက်တီးရီးယားတွေရဲ့ ပေါက်ပွားမှုအန္တရာယ်ကို လျှော့ချပေးခြင်းဖြင့် မြေဆီလွှာကို ကျန်းမာစေနိုင်တာလည်း ဖြစ်ပါတယ်။ မြေဆီလွှာမှာရှိတဲ့ အဏုဇီဝသက်ရှိတွေရဲ့အခြေအနေဟာ သီးနှံပင်တွေရဲ့ ကျန်းမာရေး ကောင်းခြင်း ဆိုးခြင်းအပေါ် သက်ရောက်မှုကြီးမားတာလည်း ဖြစ်ပါတယ်။ 

အပင်များအတွက် မည်သို့သော တင်လဲရည်အမျိုးအစားကို အသုံးပြုသင့်သလဲ..

ဥယျာဉ်စိုက်ခင်းတွေမှာ အသုံးပြုမယ်ဆိုရင်တော့ ဆာလ်ဖာဓာတ်မပါဝင်တဲ့ တင်လဲရည်ကိုသာ အသုံးပြုသင့်ပါတယ်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ဆာလ်ဖာကို တင်လဲရည်ထဲမှာ တာရှည်ခံဆေးအဖြစ်နဲ့ တစ်ခါတရံ ထည့်ကြလေ့ရှိလို့ပါ။ အဆိုပါဆာလ်ဖာဓာတ်ဟာ မြေဆီလွှာမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးတွေကို သေစေနိုင်ပါတယ်။

တင်လဲရည်ထဲမှာ ပါဝင်သော အာဟာရဓာတ်များ 

ကယ်လ်စီယမ် – အင်ဇိုင်းတွေရဲ့လုပ်ဆောင်ချက်နဲ့ အမြစ်ရဲ့အာဟာရစုပ်ယူနိုင်မှုကို အားပေးတယ်။ 

အိုင်းယွန်း – အင်ဇိုင်းထုတ်လုပ်မှုနဲ့ အင်ဇိုင်းတွေရဲ့လုပ်ဆောင်ချက်ကို အားပေးတယ်။

ပိုတက်စီယမ် – အင်ဇိုင်းလုပ်ဆောင်ချက်နဲ့ ရေ လှည့်ပတ်မှုကို ထိန်းညှိပေးတယ်။

မဂ္ဂနီဆီယမ် – ကလိုရိုဖီးလ် ဖွဲ့စည်းမှုနဲ့ ဇီဝကမ္မဖြစ်ပျက်မှုအတွက် ထောက်ပံ့ပေးတယ်။

အခြားသော အနည်းလိုအာဟာရဓာတ်များ – အပင်ရဲ့ လုပ်ဆောင်ချက်အားလုံးကို ထောက်ပံ့ပေးတယ်။ 

တင်လဲရည်ထဲမှာရှိနေတဲ့ ပါဝင်ပစ္စည်းတွေဟာ ၎င်းကို စေးကုပ်တွယ်ကပ်ပစ္စည်း (Chelator) အဖြစ်လုပ်ဆောင်စေပြီး အာဟာရဓာတ်များနဲ့ ပေါင်းစပ်ကာ အပင်ကနေ အလွယ်တကူစုပ်ယူနိုင်စေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဆိုလိုတာက တင်လဲရည်အသုံးပြုခြင်းဖြင့် အပင်တွေဟာ အာဟာရဓာတ်ကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် တင်လဲရည်ဟာ အပင်တွေကို ကျန်းမာသန်စွမ်းစေဖို့ ထောက်ပံ့ပေးနိုင်တာကြောင့် ရောဂါနဲ့ အဖျက်ပိုးမွှားများကို ခံနိုင်ရည်ရှိဖို့လည်း ကူညီပေးနိုင်တာလည်း ဖြစ်ပါတယ်။ 

တင်လဲရည် အသုံးပြုခြင်း

အပင်တွေမှာ တင်လဲရည်ကိုအသုံးပြုနိုင်ဖို့ဆိုရင် ၎င်းကို ပထမဦးစွာ ဖျော်စပ်ဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် ရေတစ်ဂါလံလျှင် တင်လဲရည် ထမင်းစားဇွန်း ၁ – ၃ ဇွန်း ရောစပ်ရတာ ဖြစ်ပါတယ်။ ဖျော်စပ်ထားတဲ့ တင်လဲရည်ကို မြေဆီလွှာပေါ်မှာ ဖျန်းနိုင်သလို (သို့မဟုတ်) အပင်များပေါ်မှာလည်း ပက်ဖျန်းပေးနိုင်ပါတယ်။

အပင်ကို ပက်ဖျန်းပေးခြင်းဟာ အမြစ်ကိုတိုက်ရိုက်ကျွေးတာလောက် ထိရောက်မှုမရှိပေမဲ့ အရွက်တွေဟာလည်း အပင်အတွက် အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းရှိပါတယ်။ အပင်တွေမှာ တင်လဲရည်ကို အချိန်မရွေးကျွေးနိုင်ပါတယ်။ သို့ပေမဲ့ အပင်ကြီးထွားနေတဲ့ကာလနဲ့ ပန်းပွင့်တဲ့အချိန်မျိုးမှာ ဖြည့်စွက်အာဟာရအနေနဲ့ ၁ ပတ်လျှင် ၁ ကြိမ် ကျွေးမယ်ဆိုရင်တော့ ပိုပြီးအကျိုးများမှာပါ။ အဆိုပါကာလအတွင်းမှာ အပင်တွေဟာ တင်လဲရည်ကနေ ပံ့ပိုးပေးနိုင်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏကို ပိုမိုလိုအပ်တာ ဖြစ်ပါတယ်။ 

မြေဆွေးပုံပြုလုပ်တဲ့အခါ ပါဝင်ပစ္စည်းတွေစုံလင်အောင်ထည့်ပြီးပြီဆိုပါက မြေဆွေးပုံကို ရေဖြန်းပြီး စိုစွတ်အောင်ပြုလုပ်ရပါတယ်။ အဲ့ဒီလို ရေဖြန်းပေးခြင်းဟာ အဏုဇီဝသက်ရှိတွေနဲ့ မှိုတွေအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်းဖြစ်ပြီး ဆွေးမြည့်ပျက်စီးခြင်းလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။ အဲ့လိုအချိန်မှာ တင်လဲရည် ထမင်းစားဇွန်း ၂ ဇွန်းကို ရေ ၁ ဂါလံနဲ့ရောစပ်ပြီး မြေဆွေးပုံကိုလောင်းပေးမယ်ဆိုရင် အဏုဇီဝသက်ရှိတွေအတွက် အစာအရင်းအမြစ်ထောက်ပံ့ပေးနိုင်ပြီး ဆွေးမြည့်ပြိုကွဲမှုကို မြန်ဆန်စေကာ အာဟာရဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့သလိုပဲ သဘာဝစွန့်ပစ်ပစ္စည်းတွေကို မြေဆွေးပြုလုပ်ပြီး စိုက်ခင်းတွေမှာထည့်ပေးနိုင်သလို မြေဆွေးဖျော်ရည် ပြုလုပ်ပြီးတော့လည်း အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။

ရေ ၅ ဂါလံထဲကို ကောင်းစွာဆွေးမြည့်နေတဲ့ မြေဆွေး ၃ ခွက်နဲ့ တင်လဲရည် ထမင်းစားဇွန်း ၂ ဇွန်းတို့ကို ရောထည့်ရမှာဖြစ်ပါတယ်။ ၎င်းအရောအနှောကို ကောင်းစွာမွှေပြီးနောက် ပုံးကို ၇ ရက်မှ ၁၀ ရက်အထိ ပိတ်ထားရပါမယ်။ အဲ့ဒီအတောအတွင်းမှာ ဖျော်ရည်ကို ၁ ရက်လျှင် ၂ ကြိမ် မိနစ်အနည်းငယ်ခန့် မွှေပေးရမှာ ဖြစ်ပါတယ်။ ၇ ရက်ကနေ ၁၀ ရက်ကြာပြီးတဲ့နောက်မှာ မြေသြဇာအရည်ဟာ ကော်ဖီရောင်ခပ်ရင့်ရင့် ဖြစ်သွားပြီး စိုစွတ်နေတဲ့မြေသားကဲ့သို့ အနံ့အသက်ရလာမှာဖြစ်ပါတယ်။ ၎င်းဖျော်ရည်ကို အခြားပုံးတစ်ခုထဲသို့ ပိတ်စအပါးနဲ့ စစ်ထုတ်ယူပြီး အပင်တွေအတွက် မြေသြဇာအဖြစ် အသုံးပြုနိုင်ပါတယ်။ ပြုလုပ်ပြီး ၇ ရက်ကနေ ၁၀ ရက်အကြာမှာ ဖျော်ရည်ကနေ အနံ့ဆိုးများထွက်ရှိလာပါက စွန့်ပစ်သင့်ပါတယ်။ 

ထို့အပြင် တင်လဲရည်ကို ဆားခါး (Epson salt) နဲ့ရောစပ်ကာ သဘာဝမြေသြဇာအနေနဲ့ အပင်တွေကိုကျွေးလို့ ရပါသေးတယ်။ ဆာခါး ထမင်းစားဇွန်း ၁ ဇွန်းနဲ့ တင်လဲရည် ထမင်းစားဇွန်း ၁ – ၂ ဇွန်းတို့ကို ရေ ၂ ဂါလံနဲ့ရောစပ်ကာ အပင်တွေရဲ့ ခြေရင်းတစ်ဝိုက်မှာ လောင်းပေးလို့ရပါတယ်။ ၎င်းဖျော်ရည်ကိုတော့ ၁ လလျှင် ၁ ကြိမ် လောင်းပေးနိုင်ပါတယ်။

ဆားခါးဟာ မျိုးစေ့ အညှောက်ပေါက်မှုကိုလည်း အားပေးပြီး အပင်ရဲ့ ဆဲလ်နံရံတွေကိုလည်း တောင့်တင်းခိုင်မာစေပါတယ်။ ထို့အပြင် မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာဓာတ်ကို ထောက်ပံ့ပေးနိုင်ပြီး ၎င်းဓာတ်တွေဟာ အပင်အစာချက်လုပ်ဖို့နဲ့ ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဆားခါးမှာ ပါဝင်နေတဲ့ မဂ္ဂနီစီယမ်ဓာတ်ဟာ အပင်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်နဲ့ ဆာလ်ဖာဓာတ်တွေကို အပင်ကနေ ပိုမိုရယူနိုင်ဖို့ ကူညီပေးနိုင်တာလည်း ဖြစ်ပါတယ်။

ဇင်ထူးနိုင် 

Ref: https://whyfarmit.com/

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”