သစ်ခွပန်းစိုက်ပျိုးနည်း

စာဆိုတွေတောင် “ပန်းပျံပင်ဆင့်” လို့တင်စားရတဲ့ သစ်ခွပန်း စိုက်ပျိုးနည်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါ တယ်။ သစ်ခွကို သစ်တောတွေထဲမှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ သစ်ခွနှင့် မျိုးစပ်ထားတဲ့ စပ်မျိုးဆိုပြီး နှစ်မျိုးခွဲထားပြီး နှစ်မျိုးစလုံးကို ပန်းနှင့်အလှစိုက်ပင်အဖြစ် စိုက်ပျိုးလျက်ရှိပါတယ်။ သစ်ခွမှာအမျိုးအမည်တွေ များပြားလှသလို အရောင်အသွေးလည်းစုံလင်လှပါတယ်။ သစ်ခွတွေမှာ ရာသီမရွေး တစ်နှစ်ပတ်လုံး ပွင့်တတ် သည့်အမျိုးအစားရယ် ရာသီအလိုက် တစ်နှစ်တစ်ခါသာပွင့်တဲ့ အပင်အမျိုးအစားဆိုပြီး နှစ်မျိုးတွေ့နိုင်ပါတယ်။ မြန်မာ့သစ်ခွများသည် ရာသီချိန်တစ်ခုသာပွင့်လေ့ရှိပါတယ်။ စီးပွားဖြစ်စိုက်ပျိုးဖို့အတွက် ဆိုရင်တော့ ရာသီမရွေး ပွင့်တဲ့သစ်ခွ အမျိုးအစားတွေကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။

ပထမဦးဆုံးအနေနဲ့ သစ်ခွရဲ့ မျိုးပွားပုံကိုဖော်ပြချင်ပါတယ်

သစ်ခွကိုမျိုးပွားရာမှာ ပင်စည်ပိုင်း (Pseudobulb) များအား ခွဲယူစိုက်ပျိုးခြ င်း (Division) ၊ ပင်စည်ထိပ်ပိုင်းအား ဖြတ်၍စိုက်ပျိုးခြင်း (Top Cutting) အားဖြင့်လည်းကောင်း သစ်ခွမျိုးစေ့များနှင့် အပင်၏ အစိတ်အပိုင်းများကို ဓာတ်ခွဲခန်းအတွင်း အာဟာရပြင်ပေါ်တွင် ပိုးသန့်မွေးမြူခြင်း (Tissue culture) တို့ဖြင့် သစ်ခွကို မျိုးပွားစိုက်ပျိုး နိုင်ပါတယ်။

စိုက်ပျိုးမြေပြုပြင်ခြင်း

သစ်ခွကိုမြေအိုး၊ ပလတ်စတစ်အိုး၊ သစ်သားခြင်းစတာတွေထဲမှာ ထည့်စိုက်လို့လည်းရသလို ၊မြေမှာချစိုက်လို့လည်းရပါတယ်။  နောက်ပြီးသစ်သားကိုင်းကိုအုန်းဆံပတ်ပြီးစိုက်တာမျိုး သစ်ပင်မှာပဲကပ်ချည်ပြီး စိုက်တာမျိုး တွေလည်းရှိပါတယ်။ သစ်ခွတွေက ရေအစိုဓာတ် ရရုံသာလိုအပ်ပြီး ရေအိုင်နေတာမျိုးတွေကို မနှစ်သက်ကြပါဘူး။ ဒါကြောင့်  သစ်ခွစိုက်တဲ့အိုးမှာ ရေထွက်ပေါက် များစွာရှိရပါမယ်။ ရေထွက်ပေါက် မပိတ်စေဖို့ အိုးထဲမှာ အုတ်ခဲကျိုး၊ အိုးကွဲများခံပေးရပါမယ်။ ပျိုးခံပစ္စည်းများအဖြစ်မီးသွေးခဲ၊ အုတ်ခဲကျိုး၊ အုန်းဆံဖတ်၊ သစ်ခေါက်ဖတ်စသည် တို့ကိုရောစပ်၍ ထည့်ပေးရပါမယ်။ ဗင်ဒါ (Vanda)လိုမျိုး သစ်ခွတွေကို သစ်သားခြင်းတွေနှင့် ထည့်စိုက်လို့ရသလိုလည်းကောင်း၊ သစ်သားတိုင်တွေမှာ ကပ်ပြီး စိုက်ပျိုးကြပါတယ်။ သစ်သားခြင်းကို အသားပွပြီး အမြစ်တွယ်ဖို့ လွယ်ကူတဲ့ သစ်သားနှင့် ပြုလုပ်ရပါမယ်။ သစ်သားခြင်းထဲမှာတော့ ပျိုးခံပစ္စည်း ထည့်ပေးရန်မလိုအပ်ပါ။

ပင့်ကူသစ်ခွ (spider orchid)၊ အရိုးသစ်ခွ (stick orchid)၊ အရန်ဒါသစ်ခွ (Aranda) စသည့် သစ်ခွတွေကို များသောအားဖြင့် မြေမှာချပြီး အခင်းလိုက် စိုက်ပျိုးလေ့ရှိပါတယ်။ မြေစိုက်သစ်ခွတွေအတွက် မြောင်းတူးပြီး အောက်ခြေမှာ မြေဆွေး၊ နွားချေးဆွေး၊ အုတ်ခဲကျိုး၊ အုန်းဆံဖတ်တွေထည့်ပြီး အပင်များကို စိုက်ပျိုးရပါမယ်။ အပင်မြင့် တက်လာချိန်တွင် တန်းတွေပစ်ပြီး တိုင်ထောင်ပေးရပါမယ်။

သစ်ကိုင်းကို အုန်းဆံပတ်ပြီးစိုက်ပျိုးတဲ့နေရာမှာ ထုထောင်းပြီး သုံးလေးရက် ရေစိမ်ထားသည့် အုန်းဆံတွေနှင့် သန့်စင်ထားသော သစ်ကိုင်းတွင် သစ်ခွအမြစ်များကို ရစ်ပတ်ချည်နှောင် စိုက်ပျိုးရပါမယ်။

စိုက်ပျိုးပြုစုခြင်း

သစ်ခွတွေဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုကို နှစ်သက်ပြီး အမြစ်တွေက လေထဲက အစိုဓာတ်ရယ် အာဟာရဓာတ်တို့ကို စုပ်ယူစားသုံးကြပါတယ်။ နောက်ပြီး နံနက်ခင်း နေရောင်ခြည် ကောင်းစွာရရှိပြီး လေဝင်လေထွက်ကောင်းစွာရရှိတဲ့နေရာတွေကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ သစ်ခွကို အိုးနဲ့ စိုက်ပျိုးရာမှာ အပင်ကို ပျိုးခံပစ္စည်းရဲ့ အပေါ်ယံမှာတင်ပြီး စိုက်ပျိုးရပါမယ်။ သစ်သားခြင်းထဲထည့်ပြီး စိုက်ပျိုးတဲ့နေရာမှာတော့  အပင်ကို အမှီတစ်ခုခုနဲ့ တိုင်ထောင်ပြီး စိုက်ပျိုးရပါမယ်။ သစ်ခွပင်အမြစ်စွဲပြီးတဲ့နောက် ကြားခံတိုင်ကို ဖယ်ရှားပေးရပါမယ်။ သစ်ခွပင်တွေကို နွေရာသီတွင် တစ်နေ့ ရေ  ၂ ကြိမ်ဖျန်းပေးရပါမည်။ သစ်ခွပင်ကြီးထွားမှု စတင်လာရင် လိုအပ်တဲ့ အစာအာဟာရကို နေ့စဉ်ကျွေးသွားရပါမယ်။ သဘာဝမြဩဇာအဖြစ် နွားချေး၊ ကြက်ချေး အမှုန့်၊ သစ်ရွက်ခြောက်မှုန့်နှင့် အရိုးမှုန့်တို့ကို လည်းကောင်း သုံးစွဲကြပါတယ်။

ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

သစ်ခွပင်တွေမှာ ပျ၊ ခရု၊ ပက်ကျိ စတာလေးတွေ ကပ်နေတတ်တာကို သတိပြုရပါမယ်။ သူတို့ကို သင့်လျော်သော ပိုးသတ်ဆေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းလျှင် ရေတစ်ဂါလံနှင့် ရောစပ်၍ လောင်းပေးရပါမယ်။ သစ်ခွပင်များ သည် အချိန်အခါမရွေး မှိုရာဂါ၊ ဗိုင်းရပ်စ်ရာဂါ၊ ဘတ်တီးရီးယားကရာဂါများ ကျရာက် တတ်ပါတယ်။ ရောဂါပိုး ကျရောက်နေတဲ့ အပင်အစိတ်အပိုင်းတွေကို ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနှင့် မှိုသတ်ဆေးတစ်မျိုးမျိုးကို အပတ်စဉ် ဖျန်းပေးဖို့လည်းလိုပါမယ်။

နောက်ဆုံးအနေနှင့် အပင်မုဆိုးတွေရဲ့ လက်ချက်တွေကြောင့် မြန်မာ့မျိုးရင်းသစ်ခွတွေရဲ့ မှောင်ခိုဈေးကွက်က တဖြည်းဖြည်းကျယ်ပြန့်လာပြီး တချို့မျိုးစိတ်တွေဟာဆိုရင် မျိုးတုန်းလုနီးပါးဖြစ်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာမျိုးရင်း သစ်ခွမျိုးစိတ်တွေကို ကာကွယ်ဖို့လိုအပ်သလို မြန်မာမျိုးရင်း ရှားပါးအပင်မျိုးစိတ်တွေ ကိုလည်း ကာကွယ်ဖို့လိုမယ်ဆိုတာ အသိပေးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေရှင်…..

စိုက်ပျိုးပုံနည်းစနစ်အချို့ကို “အစိမ်းရောင်လမ်း” မှကူးယူဖော်ပြပါသည်။