ဆိတ်မွေးမြူနည်းစနစ်အမျိုးမျိုး

မွေးမြူရေးလုပ်ငန်းတိုင်းမှာ မွေးမြူမယ့်နေရာဒေသရဲ့ ရာသီဥတုအခြေအနေနဲ့ မွေးမြူမယ့် တိရစ္ဆာန် အမျိုးအစား၊ အစာရရှိနိုင်မှု အခြေအနေတို့ပေါ်မူတည်ပြီး သင့်လျော်တဲ့ မွေးမြူနည်းစနစ်နဲ့ မွေးမြူ ဖို့ လိုပါတယ်။ ဆိတ်မွေးမြူရေးမှာလည်း မွေးမြူမယ့် ဒေသရဲ့ ရာသီဥတုအပေါ်မူတည်ပြီး စနစ် (၅) မျိုးနဲ့ မွေးမြူနိုင်ပါတယ်။
(က) ခြံလှောင်စနစ်
မိုးများလွန်းတဲ့ဒေသနဲ့ အလွန်အေးတဲ့ဒေသတို့မှာ အသုံးပြုလေ့ရှိပါတယ်။ ဒီစနစ်မှာ အဓိကအရေးကြီးတဲ့ အချက်တွေက တိရစ္ဆာန်များကို အရွယ်အစား ခွဲခြားမွေးမြူရေး၊ အစာရေစာလုံလောက်စွာ ကျွေးမွေးရေးနဲ့ သင့်လျော်တဲ့ နေရာအကျယ်အဝန်းရှိရေးပဲဖြစ်ပါတယ်။
(ခ) တစ်ဝက်လွှတ်ကျောင်းစနစ်
ဆိတ်မွေးမြူရေးအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။ လွှတ်ကျောင်းခြင်းဖြင့် ဆိတ်တင်းကုပ် သန့်ရှင်းဖို့ စနစ်တကျပြုလုပ်နိုင်ပြီး
အစာကိုလည်း စားကျက်မှရရှိနိုင်တာကြောင့် အစာနု အကုန်အကျ သက်သာပါတယ်။
ဆိတ်တင်းကုပ်ကို ညဘက်အိပ်ရန်သာ အသုံးပြုသင့်ပါတယ်။
(ဂ) လွှတ်ကျောင်းစနစ်
လွှတ်ကျောင်းခြင်းဖြင့် လေကောင်းလေသန့်ရနိုင်သလို အစာကို စားကျက်မှရနိုင်ပါတယ်။ လွှတ်ကျောင်းနိုင်တဲ့ ရာသီဥတုမျိုးဖြစ်ဖို့လည်းလိုပါတယ်။ ညဘက်မှာ နွေးနွေးထွေးထွေး အိပ်စက်အနားယူဖို့အတွက် မည်သည့်မွေးမြူရေးစနစ်မှာမဆို ဆိတ်တင်းကုပ်လိုပါတယ်။
(ဃ) ကြိုးချည်ခြင်း (သို့) အပြင်ထုတ်ချည် မွေးမြူခြင်းစနစ်
ဆိတ်တစ်ကောင် နှစ်ကောင်သာ မွေးမြူရင် ဒီစနစ်ကို သုံးနိုင်ပါတယ်။ တစ်နေ့တာအတွင်း ဆိတ်ကို အကြိမ်ပေါင်းများစွာ ပြောင်းရွှေ့ချည်နှောင်ဖို့လိုတဲ့အပြင် ရေသန့်များစွာတိုက်ရန် လိုအပ်ပါတယ်။ ဒီစနစ်နဲ့ မွေးမြူထားတဲ့ ဆိတ်များဟာ မတော်တဆ ဒဏ်ရာရခြင်း (ဝါ) သေဆုံးခြင်းပိုဖြစ်တတ်ပါတယ်။ ချည်ထားတဲ့ကြိုးကြောင့် လည်ပင်းအစ်၍ ဒဏ်ရာရရှိခြင်းနဲ့ သေဆုံးခြင်းများစွာကို နှစ်စဉ်ကြုံတွေ့ရတတ်ပါတယ်။
(င) ဆိတ်မွေးမြူရေးနှင့် SALT (ခေါ်) တောင်စောင်းစိုက်ပျိုးရေးပူးတွဲခြင်း
ကွန်တိုလိုင်းဖြင့် မြေဩဇာပင်တန်းစိုက်ပျိုးပြီး ကြားကွက်များတွင် နှစ်တို၊ နှစ်ရှည်ပင်များကို ဆိတ် မွေးမြူရေးနဲ့ ပူးတွဲခြင်းစနစ်ကို
ချင်းပြည်နယ် တောင်တန်းဒေသများတွင် မွေးမြူနိုင်ပါတယ်။ တောင်ကုန်း၊ တောင်တန်းမြေ (၂) ဧကတွင် အကောင်အထည်ဖော်နိုင်ပါတယ်။ ၎င်းမြေကို သီးနှံစိုက်ပျိုးရန် (၄၀%) ၊ ဆိတ်မွေးမြူရန် (၄၀%) နှင့် သစ်တောစိုက်ပျိုးရေးအတွက် (၂၀%) အသီးအသီးအသုံးချနိုင်ပါတယ်။ ခြံမြေတွင် မွေးမြူထားသော ဆိတ်များအတွက် ဆိတ်စားမြက်ပင်နှင့် ဆိတ်စားအပင်မျိုးစုံကို စိုက်ပျိုးနိုင်ပါတယ်။
ဆိတ်အတွက် အသင့်တော်ဆုံးအပင်မျိုးများမှာ ဘောစကိုင်းပင်၊ ဂလိုက်စီးရီးယားပင်၊ ရမ်ဆမ်ပင်၊ ပါရာမြက်နှင့် နေဗီယာ မြက်မျိုးတို့ဖြစ်ပါတယ်။

#အစိမ်းရောင်လမ်းမှကူးယူဖော်ပြသည်။