ဆင်ချောင်လိုကြောင်ကျပ်

ဖေဖေ့မျက်နှာကို စိုက်ကြည့်မိလိုက်တော့ တပ်ကထွက်လာပြီး မှ တော်တော်ရုပ်ကျသွား ပါလားလို့ သတိထားမိလိုက်သည်။ ဆံပင်ကို ကော့စမစ်တောင့်တွေနှင့်ဖိပြီး ယူနီဖောင်းကို စမတ်တကျ ဝတ်ဆင်တတ်သည့်ဖေဖေ၊ တိုက်ခိုက်ရေးဖိနပ်အနက်ကြီး စီးထားရင် ခြေမန်း ကွင်းတွေ ညီအောင်ဆွဲချပေးမှ ကျေနပ်တဲ့ ဖေဖေဟာ အသက်အရွယ်အရရော ဘဝပေး အ ခြေအနေအရပါ အများကြီး ရုန်းကန်နေခဲ့ရမှန်း သိသာနေသည်။ အရာခံဗိုလ်အဆင့်နဲ့ တပ်မတော်က ထွက်လာရတဲ့ဖေဖေဟာ လူလားမြောက်ချိန်ကစလို့ အသက်၆၀ ပင်စင်ယူသည်အထိ ကျင်လည်ခဲ့ရတဲ့ စစ်တပ်ပတ်ဝန်းကျင်ကြီးကို သိပ်ချစ် ပြီး သိပ်သံယောဇဉ်ကြီးခဲ့တာကလား။ အရာခံဗိုလ်အဆင့်ဆိုတာ အခြားအဆင့်တွေထဲမှာ ရာထူးအကြီးဆုံးပေမို့ ဟန်နဲ့ပန်နဲ့ နေခဲ့ရသလောက် အရပ်လောကမှာတော့ နေစရာပင် ခက်ခဲခဲ့ ရသည်။ သားစစ်ဗိုလ်ကြီးကို အားကိုးရမလား ငဲ့ကြည့်ပြန်တော့ ခါးကျိုးမတတ် ရှေ့တန်းမှာသာ ပျော်နေရရှာတဲ့ သားတော်မောင် ကြောင့် မေမေ့မှာ ပုတီးပတ်ရေများသာ တိုးနေရပါသည်။ အဆိုးထဲက အကောင်းကတော့ ဖေဖေတပ်ကထွက်လာပြီး သံလျင်မြို့ အောင်ချမ်းသာ ၃ရပ်ကွက်မှာ အခြေချနေထိုင်ခြင်း ပင်ဖြစ်၏။ ထိုစဉ်က ရန်ကုန်မှာ စစ်ရုံးရှိပြီး ယာယီတာဝန်တွေများလို့ အရာရှိငယ်များ ရန်ကုန်ကို လာကြရသည်။ ၁၇နှစ်သားထဲက အိမ်ကခွဲခွာသွားခဲ့ရသော ကျွန်တော့်မှာလည်း “မင်းမရှိရင် မဖြစ်ပါဘူးကွာ” ဆိုသော ယုံကြည်အားကိုးမှုများနှင့် နိုင်ငံတော်အတွက် နေ့ညမပြတ် ကာကွယ်နေရချိန် ရန်ကုန်ယာယီတာဝန်လေးကြောင့် သာ မိသားစုနှင့် ပြန်တွေ့ရခြင်းဖြစ်သည်။ အပိုင်း(၂) ၁၉၈၅ခုနှစ် သံလျင်အိမ်၏ ဘုရားကျောင်းဆောင်အတွင်း ဖေဖေ့အား ကန်တော့ပြီးနောက် သား အဖတွေ စကားပြောဖြစ်ကြ၏။ ” သားကြီး… ဘဝမှာ ဘာအရေးအကြီးဆုံးလဲကွ” ရုတ်တရက် အမေးခံလိုက်ရတော့ အဖြေကမရှိ။ ထင်တာကို ဖြေလိုက်မိသည်။ ” ငွေပေါ့ဖေဖေ၊ ငွေကဒုတိယဘုရားသခင်မဟုတ်လား” ဖေဖေ၏ ဆုံးမစကားများကို အမြဲကြားနေရသည့် ညီတော်မောင် ကိုဇော်ကတော့ ကျွန်တော့် အဖြေမဟုတ်မှန်ကြောင်းခေါင်းခါပြ နေသည်။ ” မဟုတ်ဘူး သားကြီးရ၊ ဘဝမှာ အရေးအကြီးဆုံးက ကျန်းမာရေးပဲ၊ မကျန်းမာရင် ဘာမှလုပ်လို့မရဘူး၊ ငွေဆိုတာက ဘဝထဲက အစိတ်အပိုင်း တစ်ခုပါ၊ ငွေကဖလှယ်ရေတန်ဖိုး ပဲဖြစ်တယ်၊ သားကြားဖူးလားမသိဘူး၊ ငွေသည်စကားပြောသော အခါ သစ္စာတရားသည် ဆိတ်ဆိတ်နေ၏တဲ့” ” မင်းရှာထားသမျှ ငွေတွေဟာ မကျန်းမာချိန်မှာ စက္ကူတွေ ဖြစ်သွားရတော့တာပဲ။ ကမ္ဘာမှာ အကျော်ကြားဆုံး အဟောအပြော နဲ့ လူမှုဆက်ဆံရေး ပါရဂူ ဒေးကာနက်ဂျီရေးပြီး ဦးနုဘာသာပြန် ထားတဲ့ မိတ္တဗလဋီကာစာအုပ်ထဲမှာလည်း သုတေသန ပြုလုပ်ချက်အရ ကျန်းမာရေးဟာ ဘဝရဲ့ အရေးအကြီးဆုံး လိုအပ်ချက်ဆိုတာ တွေ့ရတယ်တဲ့” လေ့လာမှုအားကောင်းသော ဖေဖေပြောနေသည့် မိတ္တဗလဋီကာ စာအုပ်ကို ကျွန်တော် မဖတ်ဖူးသဖြင့် ရှက်သလို ခံစားမိသည်။ အတန်းပညာတွေ ဘယ်လောက်ပင် တတ်နေပါစေ ဘဝပေးသည့်ပညာများ လေ့လာရန် လို့သေးကြောင်းသိနေ မိသည်။ ” လူလားမြောက်သူတိုင်းလိုလို အလိုရှိကြတဲ့ အရာများဆိုပြီး အချက်၈ချက် ရှိတယ် လို့ဆိုတယ်။ အရေးအကြီးဆုံး ပထမ အချက်က ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းဖြစ်ပြီး ကျန်တဲ့ ၇ချက်က အစား၊ အအိပ်၊ ငွေနှင့် ငွေဖြင့်ဝယ်ယူနိုင်သောပစ္စည်း၊ တမလွန်ဘဝ၏အ ရေး၊ ရာဂစိတ်ပြေငြိမ်းမှု၊ သားသမီးတို့၏ ကောင်းစားရေး၊ မိမိကိုယ်ကိုမိမိ အထင်ကြီးလို ခြင်း တွေပဲ ဖြစ်တယ်တဲ့” ” ဒီအချက်၈ချက်မှာ တစ်အချက်မှတစ်ပါး ကျန်အချက်များ အားလုံးကို သင်သည်ရရှိ အောင် ဖန်တီးနိုင်လေသည်လို ရေးထား တယ်။ ၁၉၃၆ခုနှစ်လောက်မှာ ဒေါ်လာ၂၅၀၀၀ အကုန်အကျခံပြီး ၂နှစ်ကြာ ပြုစုထားတဲ့ အစီရင်ခံစာအရ အရွယ်ရောက်ပြီးသူတိုင်း ရဲ့ အကြီး မားဆုံး စိတ်ပါဝင်စားခြင်းဟာ ကျန်းမာရေးပင် ဖြစ်သည်။ ဒုတိယ စိတ်ပါဝင်စားခြင်းသည် လူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ ကျွမ်းကျင်သော စွမ်းရည်သတ္တိကို တိုးပွားအောင် ပြု လုပ်ရေးဖြစ်သည်လို ဒေးကာနက်ဂျီကတော့ ဆိုတာပဲ သားရေ” ကိုယ့်အဖေကိုကိုယ် အထင်ကြီးစွာ ကြည့်နေမိသည်လိုတော့ ထင်မိပေသည်။ ဆက်ရန်….