စတော်ဘယ်ရီကို တစ်ပိုင်တစ်နိုင် စိုက်ကြမယ်

စတော်ဘယ်ရီသီးသည် လူအများကြိုက်နှစ်သက်ကြသော အသီးဖြစ်ပါတယ်။ ဗီတာမင်ဓာတ်တွေနဲ့ ပြည့်စုံတဲ့အပြင်
ဒိန်ချဉ်၊ နို့၊ ဟင်းရွက်အသုပ်များတွင်ပါ ထည့်သွင်းစားသုံးနိုင်မည့် အသီးတစ်မျိုးဖြစ်ပါတယ်။
လိုအပ်သောပစ္စည်းများ
(၁) စတော်ဘယ်ရီမျိုးစေ့
(၂) ပျိုးသေတ္တာ သို့မဟုတ် အိုး
(၃) ကြက်ချေး/နွားချေး မြေသြဇာ
(၄) မြေသြဇာ အရည်တို့ပဲဖြစ်ပါတယ်။
စိုက်ပျိုးမည့်မျိုးစေ့ကို ပြင်ဆင်ပါ
ကောင်းစွာ ရင့်မှည့်ပြီးသော စတော်ဘယ်ရီသီးများအား သင့်တော်သော ပုံးတစ်ခုတွင် အချဉ်ဖောက်၍ အရည်
ပျော်သည်အထိထားရပါမယ်။ အသီးဖတ် အကျိအချွဲများနှင့် အစေ့များ သီးခြားစီ ကွဲပြားချိန်တွင် ရေဖြင့် အကြိမ်ကြိမ်
ဆေး၍ မျိုးစေ့များ ထုတ်ယူရရှိနိုင်ပါတယ်။ မျိုးစေ့များ ကောင်းမွန်စွာခြောက်သွေ့အောင် အခန်းထဲတွင် ခုနှစ်ရက်ခန့်
အခြောက်ခံထားပြီးမှ ပျိုးထောင်ရပါမယ်။
စိုက်ပျိူးမည့်အိုး သို့မဟုတ် ပျိုးသေတ္တာအရွယ်အစားရွေးခြယ်ခြင်း
ရေဆင်းရေထွက်ကောင်းသော အောက်ခြေတွင်အပေါက်များများပါတဲ့ အိုးမျိုးရွေးချယ်နိုင်ပါတယ်။
စတော်ဘယ်ရီ၏ အမြစ်လုံးဟာ သေးငယ်တာဖြစ်တဲ့အတွက် အချင်း ၁၀ မှ ၁၂ လက်မနှင့် ၈ လက်မအကျယ်ရှိသော
ကွန်တိန်နာများတွင် စိုက်ပျိုးနိုင်ပါတယ်။ သို့သော် ကွန်တိန်နာသေးလေ ရေမကြာခဏ လောင်းပေးဖို့လိုလေဖြစ်ပါတယ်။
စိုက်ပျိုးရန်ပြင်ဆင်ခြင်း
ပွက်ပွက်ဆူသောရေနွေးဖြင့် လောင်းပြီး ပိုးသန့်ထားသော မြေဆွေးများကို စိုက်ပျိုးမည့်အိုးထဲသို့ထည့်ပါ။
အပေါ်မှ ကြက်ချေး/နွားချေး တစ်မျိုးကို မွနေအောင်လုပ်၍ဖြူးထားပါ။ ထို့နောက် ပြင်ဆင်ထားသောမျိုးစေ့များကို
ပျိုးသေတ္တာထဲထည့်ရန် လက်မဝက် ပတ်လည်အကွက်များ အရာပေးကာ အလယ်တွင် အစေ့ချ ပျိုးထောင်နိုင်ပါတယ်။
အလွန်သေးငယ်သော မျိုးစေ့များဖြစ်၍ အပင်ပေါက်ချိန်တွင် မှိုရောဂါမကျရောက်စေရန်အတွက် ပိုးသတ်ထားသောရေဖြင့်
အစိုဓာတ်လိုအပ်မှုပေါ်မူတည်၍ အနည်းငယ်စီသာ ပက်ဖျန်းပေးရပါမယ်။ အညှောက်ပေါက်ပြီး မျိုးသက် ၄၅−၅၀ ရက်ခန့်တွင်
ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါတယ်။
ပျိုးသေတ္တာကို နေရောင်ရရှိသောနေရာတွင်ထားပါ
ပန်းများနှင့် သစ်သီးများလုံလောက်စွာရရှိစေရန် တစ်နေ့လျှင်အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီ နေရောင်ရနိုင်သောနေရာတွင်ထားပါ။
အပင်များကို အင်းဆက်ပိုးများ၊ ငှက်များနှင့် ကြွက်များကိုဆွဲဆောင်နိုင်ဆဲဖြစ်သည့်အတွက် သူတို့ကိုပိုက်ကွန်များ၊ ခြံစည်းရိုးများဖြင့်
ကာကွယ်ပေးထားသင့်ပါတယ်။
ရေလောင်းပေးပါ
မြေမျက်နှာပြင်အောက် ၁ လက်မခန့်ခြောက်သွေ့သောအခါတိုင်း စတော်ဘယ်ရီကို ရေလောင်းပေးပါ။ ယေဘုယျအားဖြင့်
ကွန်တိန်နာအတွင်းရှိ မြေဆီလွှာသည် မြေပေါ်ရှိ မြေဆီလွှာများထက် ခြောက်သွေ့မှု ပိုမိုမြန်ဆန်ပါတယ်။
မြေသြဇာကျွေးပါ
ကွန်တိန်နာအပင်အများစုသည် ဖြည့်စွက်အစာကျွေးခြင်းမှ အကျိုးရရှိသည်။ ၃ ပတ်မှ ၄ ပတ်တိုင်းမှာ စတော်ဘယ်ရီကို
မျှတသော အရည်ဓာတ်မြေသြဇာဖြင့်ကျွေးပါ။
ခူးယူခြင်း
စတော်ဘယ်ရီသီးများအားနေ့စဉ် ခူးယူနိုင်သော်လည်း ငါးရက်တစ်ကြိမ် ဆွတ်ခူးပါက ပိုမိုကောင်းမွန်ပါတယ်။
အသင့်တော်ဆုံး အခြေအနေမှာ အသီးများ အနီရောင် မရင့်မီ အချိန်တွင် ခူးဆွတ်ရန် ဖြစ်ပါတယ်။
ဂရုစိုက်သင့်သောအချက်
စတော်ဘယ်ရီပင်သည် မြေတွင်ကပ်၍ ကြီးထွားသော အပင်မျိုး ဖြစ်သဖြင့် ပေါင်းမြက် ကင်းစင်အောင် အထူးဂရုတစိုက်
ဆောင်ရွက်ရန် လိုအပ်ပါတယ်။ နွားချေး၊ မြေဆွေးကို အသုံးပြုပါက ပေါင်းထလွယ်သဖြင့် မှုန့်ညက်နေအောင် ပြုပြင်ထားသော
စိုက်ဘောင်များပေါ်တွင် ကြက်ချေး ခပ်ပါးပါး ဖြူး၍ စိုက်ပျိုးသင့်ပါတယ်။
အကောင်းဆုံးဂရုစိုက်မှုရှိသည့်တိုင် စတော်ဘယ်ရီဟာ သက်တမ်းတိုသော နှစ်နှစ်ခံပင်များဖြစ်ပါတယ်။
အပင်များသည် သုံးနှစ်တစ်ကြိမ်ခန့်တွင် အထွက်လျော့နည်းလာပြီး စတင်သေသွားသောအခါ ရွှေ့ပြောင်းစိုက်ရန်လိုအပ်ပါမယ်။

(အစိမ်းရောင်လမ်းမှ ကူး‌ယူဖော်ပြသည်)