ငှက်ပျောခွံတွေကို ဥယျာဉ်စိုက်ခင်းတွေမှာ အသုံးချနိုင်မဲ့ နည်းလမ်း ၈ ခု

ငှက်ပျောသီးမှည့်တစ်လုံးမှာ ပိုတက်စီယမ်ဓာတ် ၄၅၀ မီလီဂရမ် ပါဝင်ပါတယ်။ ငှက်ပျောသီးဟာ လူတွေအတွက်သာမက အပင်တွေအတွက်လည်း ပိုတက်စီယမ်ဓာတ်ကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။
ငှက်ပျောခွံမှာဆိုရင် အပင်ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ်၊ ဖော့စဖောရပ်စ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်နေတာဖြစ်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်၊ ငရုတ်ကောင်း၊ သစ်ခွ၊ bromeliads၊ ငါးရိုးပင် (ferns)နဲ့ နှင်းဆီကဲ့သို့သော အပင်တွေမှာဆိုရင် ငှက်ပျောခွံအသုံးပြုဖို့ အထူးသင့်တော်ပြီး အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။


၁။ မြေသြဇာအရည် (Liquid Fertilizer)

ငှက်ပျောခွံ မြေသြဇာအရည်ပြုလုပ်ဖို့အတွက် ငှက်ပျောအခွံတွေကို အတုံးသေးသေးလေးတွေလှီးပြီး ဇလုံ (သို့မဟုတ်) ပုံးတစ်ခုထဲထည့်ကာ ရေစိမ်ထားရမှာ ဖြစ်ပါတယ်။ ငှက်ပျောခွံ ၁ ဆ ရေ ၄ ဆ နှုန်းထားနဲ့ ပြုလုပ်နိုင်ပါတယ်။ ငှက်ပျောခွံတွေကို အနည်းဆုံး ၂ ရက်မှ ၃ ရက်အထိ စိမ်ထားပြီး ရံဖန်ရံခါ မွှေပေးရမှာဖြစ်ပါတယ်။ ပြီးပါက ငှက်ပျောခွံတွေကို ဖယ်ရှားစစ်ထုတ်ပြီး အပင်တွေကို လောင်းပေးနိုင်ပါတယ်။ မြေသြဇာအရည်ကို ၂ ပတ်လျှင် ၁ ကြိမ် အသုံးပြုခြင်းဖြင့် အပင်တွေအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

၂။ အာဟာရဓာတ် ဖြည်းဖြည်းချင်းထုတ်လွှတ်ပေးသော မြေသြဇာ (Slow-Release Fertilizer)

ငှက်ပျောခွံကို မြေသြဇာအနေနဲ့ အသုံးပြုဖို့ နောက်ထပ်နည်းလမ်းတခုက အပိုင်းအစငယ်လေးတွေရရှိအောင် ခုတ်ထစ်ပိုင်းဖြတ်ပြီး မြေကြီးထဲ တိုက်ရိုက်ထည့်ပေးခြင်း ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ငှက်ပျောခွံတွေဟာ အပင်တွေအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို တဖြည်းဖြည်းနဲ့ ချေဖျက်ထုတ်လွှတ်ပေးသွားမှာဖြစ်ပါတယ်။ ငှက်ပျောခွံတွေဟာ မြေသြဇာအရည်ကဲ့သို့ အပင်တွေကို အာဟာရဓာတ် ချက်ချင်းရရှိစေမဲ့အစား အလွန်နှေးကွေးတဲ့နှုန်းနဲ့ချေဖျက်ပြီး ရက်သတ္တပတ်များစွာကြာအောင် အာဟာရဓာတ် ထုတ်လွှတ်ပေးနေမှာ ဖြစ်ပါတယ်။

ငှက်ပျောခွံကို ထိရောက်တဲ့ Slow-Release Fertilizer ပြုလုပ်ဖို့အတွက် ပထမဆုံး လုံးဝခြောက်သွေ့သွားတဲ့အထိ နေပူထဲမှာ လှန်းထားရမှာဖြစ်ပါတယ်။ ကောင်းစွာခြောက်သွေ့သွားပြီဆိုတာနဲ့ အခွံတွေကို မြေထဲမှာ တိုက်ရိုက်မြှုပ်ပြီး ထည့်ပေးနိုင်ပါတယ်။ နောက်တနည်းကတော့ ငှက်ပျောခွံခြောက်တွေကို အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး အပင်တစ်ဝိုက်မှာ ဖြန်းပေးနိုင်ပါတယ်။ ၎င်းကို အပင်အတွက်လိုအပ်သလို လအနည်းငယ်ကြာတိုင်း ၁ ကြိမ် အသုံးပြုနိုင်ပါတယ်။

၃။ မြေဖုံးပစ္စည်း (Mulch)

ငှက်ပျောခွံတွေကို မြေဆီလွှာအပေါ် အပင်ခြေရင်းမှာ သဘာဝမြေဖုံးပစ္စည်းအနေနဲ့ အသုံးပြုခြင်းဖြင့် မြေဆီလွှာရဲ့အရည်အသွေးကို တိုးမြင့်လာစေဖို့အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဤနည်းလမ်းဟာ အလွန်ရိုးရှင်းပြီး စိုက်ခင်းမြေဆီလွှာပေါ်မှာ ငှက်ပျောခွံတွေကို ပုံမှန်ဖြန့်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ငှက်ပျောခွံတွေဟာ မြေဆီလွှာရဲ့ ရေငွေ့ပျံခြင်းကိုနှေးကွေးစေပြီး ပေါင်းမြက်များ ပေါက်ရောက်ခြင်းကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ မြေဖုံးရာမှာ ငှက်ပျောခွံနဲ့အတူ တွဲဖက်ပြီး ရိတ်ဖြတ်ထားတဲ့ မြက်ပင်တွေ၊ ကောက်ရိုး၊ သစ်သားအပိုင်းအစ၊ ကြွေကျထားတဲ့ အရွက်တွေနဲ့ သဘာဝမြေဆွေး စတာတွေကို ရောစပ်အသုံးပြုနိုင်ပါတယ်။

၄။ မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းပါ (Add Into Compost)

ပုံမှန်ဆိုရင် ကျွန်တော်တို့ဟာ ငှက်ပျောသီးစားပြီးတာနဲ့ အခွံတွေကို အမှိုက်ပုံးထဲ အလွယ်အတကူ လွှင့်ပစ်လိုက်ကြတာ များပါတယ်။ အခုဆို ငှက်ပျောခွံရဲ့ အကျိုးကျေးဇူးကို သိရှိပြီးဖြစ်လို့ အမှိုက်အနေနဲ့ လွှင့်ပစ်မဲ့အစား မြေဆွေးပြုလုပ်ရာမှာထည့်လိုက်ခြင်းဖြင့် မြေဆီလွှာနဲ့ အပင်အတွက် အကျိုးကျေးဇူးရရှိနိုင်မှာ ဖြစ်ပါတယ်။ ငှက်ပျောခွံမှာ ပိုတက်စီယမ်၊ ဖော့စဖောရပ်စ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါ၀င်နေတာကြောင့် အာဟာရဓာတ် ကြွယ်ဝတဲ့ အဆိုပါအခွံတွေကို မြေဆွေးပြုလုပ်ရာမှာ ထည့်ပေးခြင်းဖြင့် လျင်မြန်စွာ ပြိုကွဲသွားမှာဖြစ်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေကိုပေါင်းထည့်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ငှက်ပျောခွံနဲ့ အစားအစာစွန့်ပစ်ပစ္စည်းတွေကို မြေဆွေးထဲထည့်သွင်းတဲ့အခါ ကြွက်အပါအဝင် မလိုလားအပ်တဲ့ ပိုးမွှားတွေ လာရောက်နိုင်တာကြောင့် အဆိုပါပစ္စည်းတွေကို ထည့်သွင်းအသုံးပြုမယ်ဆိုရင် အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဖြစ်အောင်ပြုလုပ်ပြီး မြေဆွေးပုံရဲ့အောက်ဘက် ခပ်နက်နက်မှာ မြှုပ်ပြီးထည့်ပေးသင့်ပါတယ်။

၅။ ပျိုးပင်ပေါက်များကို အစာအနေနဲ့ကျွေးပါ (Feed new seedlings)

အပင်သစ်တွေ စတင်စိုက်ပျိုးဖို့ စိတ်ကူးထားတယ်ဆိုရင် အဆိုပါ ဥယျာဉ်စိုက်ခင်းမြေဆီလွှာထဲကိုလည်း ငှက်ပျောခွံ အနည်းငယ်ထည့်ပေးနိုင်ပါတယ်။ ပထမဦးစွာ ကျင်းတွေကို ၂ လက်မအနက်တူးပြီး ကျင်းတစ်ခု စီတိုင်းမှာ ငှက်ပျောခွံ အပိုင်းအစငယ်တစ်ခုစီကို အပြင်ဘက် အခွံခြမ်းကို မြေဆီလွှာအောက်ဘက်သို့ မျက်နှာမူပြီး ထားရမှာဖြစ်ပါတယ်။ ပြီးပါက မျိုးစေ့တွေကို အခွံပေါ်သို့ချပြီး ပုံမှန်အတိုင်း မြေဆီလွှာနဲ့ ဖုံးအုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးလျှင် ရေလောင်းပေးရမှာ ဖြစ်ပါတယ်။ ဤနည်းဖြင့် ပြုလုပ်ခြင်းဟာ သန်စွမ်းတဲ့အမြစ်တွေနဲ့ ကျန်းမာတဲ့ပျိုးပင်တွေရရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

၆။ ပျပိုး ကာကွယ်ပေးခြင်း (Prevent aphids)

ဥယျာဉ်စိုက်ခင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ပျပိုးတွေကို ဟန့်တားဖို့ ငှက်ပျောခွံကို အသုံးပြုနိုင်ပါတယ်။ ပျပိုးတွေဟာ ငှက်ပျောနံ့ကို မကြိုက်တာကြောင့် အပင်တွေရဲ့ အနီးတစ်ဝိုက်မှာ ထည့်ပေးထားခြင်းဖြင့် ပျပိုးကျရောက်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပျပိုးဟာ အပင်တပင်မှ အခြားတပင်ဆီကို လျင်မြန်စွာ ပျံ့နှံနိုင်တာကြောင့် စိုက်ခင်းမြေဆီလွှာမှာ ငှက်ပျောခွံအနည်းငယ်ကို မြှုပ်ထားခြင်းဖြင့် ပျပိုးမွှားကို ဟန့်တားထားနိုင်မှာ ဖြစ်ပါတယ်။ ငှက်ပျောခွံတွေကို အပိုင်းပိုင်းဖြတ်ပြီး မြေဆီလွှာအောက် ၁ လက်မကနေ ၂ လက်မအနက်မှာ မြှုပ်နှံထားနိုင်ပါတယ်။

၇။ အင်းဆက်ထောင်ချောက်ပြုလုပ်ခြင်း (Insect trap)

အနီးပတ်ဝန်းကျင်မှာ ယင်ကောင်နဲ့ မှက် (gnats) တွေ ကင်းဝေးစေဖို့အတွက် ငှက်ပျောခွံနဲ့ ရှာလကာရည်ကို ပေါင်းစပ်ပြီး အင်းဆက်ထောင်ချောက်ကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။ တကယ်တော့ ငှက်ပျောသီးဟာ မှက်(သို့မဟုတ်) ယင်ကောင်တွေကို ဆွဲဆောင်နိုင်တဲ့ အသီးဖြစ်ပါတယ်။

ထောင်ချောက်ပြုလုပ်ဖို့အတွက် ပန်းသီးရှာလကာရည်နဲ့ ငှက်ပျောခွံတစ်ခုကိုရောပြီး ပုံးအလွတ်တစ်ခုထဲ ထည့်ထားရမှာဖြစ်ပါတယ်။ ပြီးပါက ၎င်းပုံးပေါ်ကို ပလပ်တစ်နဲ့လုံအောင် ဖုံးအုပ်ထားရမှာ ဖြစ်ပါတယ်။ ထို့နောက် ဖုံးအုပ်ထားတဲ့ ပလပ်စတစ်ကို သွားကြားထိုးတံ (သို့မဟုတ်) သေးငယ်တဲ့တုတ်ချောင်းနဲ့ အပေါက်ငယ်လေးတွေဖြစ်အောင် ထိုးဖောက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးပါက ပုံးကိုအပြင်မှာချထားပြီး ပိုးကောင်တွေ ထောင်ချောက်ထဲကို ဘယ်လောက်မြန်မြန်ဝင်နေလဲဆိုတာ စောင့်ကြည့်နိုင်ပါတယ်။ ယင်နဲ့ မှက်ကဲ့သို့ အင်းဆက်ပိုးမွှားတွေဟာ ၎င်းတို့ကိုဆွဲဆောင်တဲ့ အနံ့အသက်ကြောင့် ပုံးအနားကို ရောက်ရှိလာမှာဖြစ်ပြီး နောက်ဆုံးမှာ ရှာလကာရည်အရောအနှောထဲ ဝင်ရောက်ပြီး နစ်မြုပ်သေဆုံးသွားမှာ ဖြစ်ပါတယ်။

၈။ ဝတ်မှုန်ကူးအင်းဆက်များကို ဆွဲဆောင်နိုင်ခြင်း (Attract pollinators)

ငှက်ပျောသီးအနည်းငယ်ကို ဥယျာဉ်စိုက်ခင်းထဲမှာ ထားရှိခြင်းဖြင့်ပင် ၀တ်မှုန်ကူးအင်းဆက်များ လာရောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ လိပ်ပြာတွေဟာ ပန်းပွင့်တဲ့အပင်တွေရှိနေရင် ဥယျာဉ်စိုက်ခင်းတွေထဲ လာရောက်ကြပြီး ချိုမြတဲ့ ပန်းဝတ်ရည်တွေကို စားသောက်ကြသလို အသီးအနှံတွေရဲ့ ချိုမြိန်တဲ့ဝတ်ရည်ကိုလည်း ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။

အသီးတွေ ပျော့ပြောင်းပြီး ပုပ်လာတာနဲ့အမျှ လိပ်ပြာတွေဟာ ၎င်းတို့အတွက် အရသာရှိတဲ့ အကြွင်းအကျန်တွေပေါ်မှာ စားသုံးကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ၎င်းတို့ဟာ ငှက်ပျောသီး၊ ပန်းသီးနဲ့ သစ်တော်သီးတို့ကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ဥယျာဉ်စိုက်ခင်းထဲ လိပ်ပြာတွေလာရောက်အောင် ဆွဲဆောင်နိုင်ဖို့ ငှက်ပျောသီးအသားအပိုင်းစ အနည်းငယ်ကျန်ရှိနေတဲ့ ငှက်ပျောခွံကို ထားရှိနိုင်ပါတယ်။ သို့ပေမဲ့ မလိုလားအပ်တဲ့ ပိုးမွှားတွေ မလာရောက်နိုင်ဖို့အတွက် ညမအိပ်ခင်မှာတော့ ငှက်ပျောသီးအပိုင်းစတွေကို ဖယ်ရှားပေးသင့်ပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”