ငွေကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူတွေကို မန္တလေးတွင် ဖမ်းမိ

မန္တလေးတိုင်းအတွင်းမှာ ရောင်းဝယ်ဖြန့်ချိဖို့အတွက် ရှမ်းပြည်နယ်ကနေ သယ်ဆောင်လာတဲ့ ငွေကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒဿမ ၇၈ ကီလိုနဲ့ တရားခံတွေကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှ ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာကိုသွားတဲ့ တောင်ကြားလမ်း၊ ကျွဲကျကျေးရွာချောင်းအနီးမှာ သတင်းအရစောင့်ဆိုင်းပြီး ဆိုင်ကယ် ၃ စီးနဲ့ ရောက်ရှိလာတဲ့ ကိုမျိုး၊ မျိုးမြင့်ထွန်းနဲ့ ညွန့်ဝင်း ဆိုသူတို့ ၃ ဦးကို စစ်ဆေးရှာဖွေရာကနေ ဆာလာအိတ် ၁၅ အိတ်နဲ့ထည့်ထားတဲ့ ဆပ်ပြာခွက် ၃၃၀၀ ခွက်ထဲက ဘိန်းဖြူအလေးချိန် ၃၃ ကီလို စတင်သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီနောက် ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ ဆန်းဦး နဲ့ ပူးပေါင်းပါဝင်သူ အောင်ထွန်းလင်း(ခ)ချစ်သဲ တို့ကို ယင်းနေ့ ည ၈ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာမှာ ဆိုင်ကယ် ၁ စီးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၊ မြို့မကွက်သစ်ရပ်မှာရှိတဲ့ ပထမဖမ်းမိတရားခံ ကိုမျိုး ဆိုသူရဲ့ နေအိမ်ကနေ ဆပ်ပြာခွက် ၂၁၇၈ ခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုကို ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့တာကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်မှာ ဖမ်းမိတဲ့ဘိန်းဖြူတွေ သယ်ဆောင်ခဲ့တဲ့ ၂၂ ဘီးတွဲကားမောင်းသူ လွင်မိုးသူ(ခ)မိုးသူအောင် ဆိုသူကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ၎င်းယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် စုစုပေါင်း တရားခံ ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။