ဂျပန်နှင့် တောင်ကိုရီးယားတို့ (၇)နှစ်အတွင်း ပထမဆုံးအကြိမ် ဘဏ္ဍာရေးခေါင်းဆောင်များ တွေ့ဆုံပွဲ ကျင်းပ

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် (၇)နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံဘဏ္ဍာရေးခေါင်းဆောင်များ အစည်း အဝေးကို မေလ (၂) ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကျင်းပခြင်းသည် နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်း တိုးတက်မှုနှေးကွေးခြင်း နှင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုတို့ကို လျှော့ချလိုက်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်းလည်း သိရသည်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ သည် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် နှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန်အတွက် လာမည့် သီတင်းပတ်တွင် တောင်ကိုရီးယားနိုင်ငံသို့သွားရောက်ရန် စီစဥ်ထားပြီး နှစ်နိုင်ငံကြား ဘဏ္ဍာရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် စီစဥ်ထားကြောင်း သိရသည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki က “ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်း နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ စိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ပထဝီဝင်နိုင်ငံရေးအရ စိန်ခေါ်မှုတွေကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးကျည် တည်ဆောက်မှု တွေနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာလိုမျိုး အဖြစ်အပျက်တွေကို ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်။ ဒီကိစ္စတွေဟာ လက်မခံနိုင်စရာကိစ္စတွေလို့ ရှုမြင်ပါတယ်၊၊ ဒါဟာ နှစ်နိုင်ငံပူးပေါင်းပြီး အတူတကွဖြေရှင်းရမယ့် ကိစ္စတွေ ပါ” ဟု ပြောဆိုခဲ့သည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Shunichi Suzuki သည် တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး Choo Kyung-ho နှင့်တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် semiconductor များနှင့် နည်းပညာမြင့်စက်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး က “မကြာသေးမီက ပထဝီဝင်နိုင်ငံရေး အန္တရာယ်တွေနဲ့ ထောက်ပံ့ရေးကွင်းဆက် မတည်မငြိမ် ဖြစ်မှုတွေအတွက် နှစ်နိုင်ငံကြား ဘဏ္ဍာရေးအာဏာပိုင်တွေဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာအောင် လုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံကြား ဘဏ္ဍာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများသည် စစ်အတွင်း သမိုင်းဆိုင်ရာ အငြင်းပွား မှုများကြောင့် (၂ဝ၁၆) ခုနှစ်ကတည်းက ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ သို့သော်လည်း မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ နှင့် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှု ပိုမိုမြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့်လများ အတွင်း ဂျပန်နှင့် တောင်ကိုရီးယားတို့၏ နှစ်နိုင်ငံကြား ဆက်ဆံရေးများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။