ချောင်းနှစ်ခွမှ သူရဲကောင်းများ (၁)

သူရဲကောင်းတို့ဟူသည်…မြန်မာ့တပ်မတော်မှာ ခေတ်အဆက်ဆက် သူရဲကောင်းတွေ ပေါ်ခဲ့ကြသလို ယနေ့ခေတ်ကာလအထိလည်း သူရဲကောင်းတွေ ပေါ်စမြဲပဲ။

ယခုကျွန်တော် ဂုဏ်ပြုရေးသားဖော်ပြချင်တာက ချောင်းနှစ်ခွတိုက်ပွဲမှာ ၅၁ ရက်ကြာအောင် စိတ်ဓာတ်ခိုင်မာစွာဖြင့် စစ်သားဂုဏ်၊ တပ်မတော်ဂုဏ်ကို သမိုင်းမော်ကွန်းတင်ပေးခဲ့တဲ့ သူရဲကောင်းများအကြောင်းဖြစ်ပါတယ်။

တိုက်ပွဲမဖြစ်ပွားမီ ၅ ရက်အလိုကတည်းက အကြမ်းဖက် KTLA+PDF များဟာ ချောင်းနှစ်ခွမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မယ်ဆိုပြီး သတင်းရရှိ ခဲ့တဲ့အတွက် (-)တပ်မှ တပ်ရင်းမှူး ဒုမှူးကြီး မျိုးကိုကိုဝင်း ဦးစီးကာ ခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့သလို ရန်သူဝင်နိုင်တဲ့ လမ်းကြောင်းတွေမှာလည်း ကာကင်းများ ထုတ်ခြင်းများပြုလုပ်ခဲ့ပါတယ်။

ဒီလို ခံစစ်ပြင်ဆင်မှုတွေလုပ်နေချိန် ၁၀-၁၁-၂၀၂၃ ရက်နေ့ နံနက် ၀၄၀၀ ချိန်ခန့်မှာတော့ အကြမ်းဖက် KTLA+PDF များက အင်အား(၁၀၀၀)ခန့်ဖြင့် ချောင်းနှစ်ခွစခန်းနှင့် ချောင်းနှစ်ခွ တံတားတို့အား အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့သလို Drone များကို အသုံးပြုကာ Drop Bomb ဗုံးများဖြင့် အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ချောင်းနှစ်ခွတံတားမှာ လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့များမှာလည်း ရန်သူမှ အင်အားအများအပြားနဲ့ တိုက်ခိုက်တာခံနေရတဲ့အတွက် ချောင်းနှစ်ခွ ပင်မစခန်းကို လာရောက်ပူးပေါင်းဖို့ တပ်ရင်းမှူးမှ အမိန့်ပေးခဲ့ပါတယ်။ တပ်ရင်းမှူးအမိန့်ကြောင့် တံတားမှာရှိတဲ့ လခရ အဖွဲ့များမှာ ထိခိုက်မှုမရှိဘဲ ချောင်းနှစ်ခွ စခန်းသို့ လာရောက် ပူးပေါင်းနိုင်ခဲ့ပါတယ်။

ရန်သူဟာ အရပ်မျက်နှာ အသီးသီးမှ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသည့်အတွက် တပ်မတော်(လေ)မှ လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက် သမား KTLA+PDF များ ထိခိုက်ကျဆုံးမှု များခဲ့ပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် ဖရိုဖရဲဖြစ်သွား အကြမ်းဖက်သမားဟာ ၁၁-၁၁-၂၀၂၃ ရက်နေ့နှင့် ၁၂-၁၁-၂၀၂၂ ရက်နေ့များတွင် အင်အားပြန်လည်စုဖွဲပြီး ချောင်းနှစ်ခွ ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များ၊ ဗလီများ၊ ဘုန်းကြီးကျောင်း များကို အကာအကွယ်ယူကာ Drone များ၊ RPG၊ စက်လက်အစရှိသော လက်နက်ကြီး/လက်နက်ငယ်များဖြင့် စခန်းကို အကြိမ်ကြိမ်ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

ရန်သူကလည်း ချောင်းနှစ်ခွစခန်းရရှိရေးအတွက် အင်အားအများအပြား အသုံးပြုကာ နေ့ရောညပါ အဆက်မပြတ်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲက ပြင်းထန်လျက်ရှိပါတယ်။

၁၅-၁၁-၂၀၂၃ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေချိန် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ မိမိလက်အောက်ရှိ အရာရှိ/ စစ်သည် များအား အားပေးစကားများလိုက်လံပြောနေချိန် အကြမ်းဖက်သမားများရဲ့ Drop ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဒီလိုဒဏ်ရာရရှိသွားတဲ့အတွက် တပ်ရင်းမှူးရဲ့ ကိုယ်ရေးအရာရှိက သတိထားဖို့အကြံပြုပြောချိန်မှာ “ငါ့အတွက်နဲ့ ငါ့မိဘက လက်မထောင် ဂုဏ်ယူရတဲ့ သားကောင်းတစ်ယောက်၊ တပ်မတော်အတွက်လည်း စံနမူနာပြရမယ့် စစ်သားကောင်း တစ်ယောက်ပဲ ဖြစ်ရင်ကို ငါကျေနပ်တယ်။ ငါတိုက်ပွဲကျသွားရင် မင်းကဦးဆောင်ပြီးတိုက်… ဘယ်တော့မှ လက်နက်မချနဲ့” ဆိုပြီး မှာကြားကာ ဒဏ်ရာရရှိနေသည့်ကြားမှ မိမိတပ်ကို အနီးကပ်ကွပ်ကဲကာ တိုက်ပွဲဝင်ခဲ့ပါတယ်။

ဒီလိုရန်သူရဲ့ဝိုင်းပတ်ပိတ်ဆို့ပြီး အပြင်းအထန်တိုက်ခိုက်မှုကို စခန်းမှာရှိတဲ့ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်နေပေမယ့် တိုက်ပွဲရက် ရှည်ကြာလာတာနှင့် ခဲယမ်းများ နည်းလာပါတယ်။ ဒီအခြေအနေကိုသိရှိတဲ့အတွက် တပ်မတော်(လေ)မှ ရိက္ခာများ၊ ခဲယမ်းများကို Air Drop ချကာ ပြန်လည်ဖြည့်တင်းပေးခဲ့တယ်။

တိုက်ပွဲဖြစ်ပွားချိန် ၁၇ ရက်မြောက် ၂၆-၁၂-၂၀၂၃ ရက်နေ့မှာတော့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဟာ Drop ဗုံးကြောင့် ရရှိထားတဲ့ဒဏ်ရာများအား ဆေးကုသမှုခံယူပြီး ဘန်ကာအထဲမှ ပြန်ထွက်ချိန် အကြမ်းဖက်သမားများရဲ့ စနိုက်ပါဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိကာ သွေးထွက်လွန်ပြီး မြင့်မြတ်စွာကျဆုံးသွားခဲ့တယ်။

(အပိုင်း -၂ အား ဆက်လက်ဖော်ပြပေးပါမည်)