ပွိုင့် ၆၀၄၁ စခန်းတိုက်ပွဲ (သို့မဟုတ်) အမိမြေမှသားကောင်းများ- ၂

ထိုအခြေအနေတွင် တိုက်ပွဲကာလကြာမြင့်လာသည်နှင့်အမျှ မိမိတို့တွင် ခဲယမ်းများလျော့နည်းလာပြီဖြစ်သည်။ ပျမ်းမျှ တစ်ဦးလျှင် ကျည် ၂၀ခန့်စီသာ ကျန်တော့သည်။ တပ်ခွဲမှူးမှ အခြေအနေကိုတွက်ချက်၍ ထိုနေ့ ၂၀း၀၀ ချိန်တွင် ဖောက်ထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
တပ်မတော်အနေဖြင့် ကျည်ကုန်လက်နက်မဲ့အခြေအနေဖြင့် ရန်သူ့ ဖမ်းဆီးခြင်းခံရသည်ထက် လက်ရှိအခြေအနေမှ ဖောက်ထွက်ခဲ့ခြင်းသာလျှင် အခွင့်အရေးကြုံပါက ရန်သူကို ပိုမိုသတ်ဖြတ်နိုင်ရန် အခြေအနေဖန်တီးနိုင်မည်ဖြစ်သည်။ ထို့အပြင်ရန်သူကိုလည်း ၈ ညနှင့် ၇ ရက်တိုင်တိုင် သုတ်သင်နိုင်သမျှ သုတ်သင်ခဲ့ပြီးဖြစ်လေရာ တပ်မတော်၏ စွမ်းရည်ကိုပြသနိုင်ခဲ့ပြီး ဖြစ်လေသည်။

တပ်ခွဲမှူးသည် ဖောက်ထွက်ရေးအဖွဲ့များအား စနစ်တကျဖွဲ့စည်းပြီး ဦးစွာ သယ်ယူနိုင်ခြင်းမရှိတော့သည် စုပုံရိက္ခာများနှင့် စာရွက် စာတမ်းများအား စနစ်တကျ ဖျက်ဆီးခဲ့သည်။ ထို့နောက် သတ်မှတ်ထားသည့်အတိုင်း ဒဏ်ရာရလူနာများနှင့် တပ်ခွဲမှူးမှ ဦးစွာဖောက်ထွက်ခဲ့သည်။ အလုပ်သင်ဗိုလ်ဝင်းမြင့်နှင့် အင်အား ၅ ယောက်သာ နောက်ချန်နေခဲ့ပြီး စခန်းကိုထိမ်းသိမ်းထားကာ နာရီဝက်ကြာမှ တပ်ခွဲမှူးဖောက်ထွက်ရာလမ်းကြောင်းအတိုင်း ဖောက်ထွက်ခဲ့ကြသည်။
တပ်ခွဲမှူးနှင့်အဖွဲ့သည် ကြယ်ရောင်ကိုအားပြုရင်း သတိကြီးစွာဖြင့် ချီတက်ခဲ့သည်။ တပ်ခွဲမှူးမှာ မျက်လုံးတစ်ဘက်ကိုသာ အားပြုနေရ သဖြင့် ခက်ခဲစွာလှုုပ်ရှားနေရသည်။ တပ်ခွဲမှူးနှင့်အဖွဲ့သည် နမ့်လောင်းချောင်းဖျားသို့ မတ်လ ၁၄ ရက် ၀၁း၀၀ ချိန်တွင်ရောက်ရှိကာ အခြေပြုခဲ့ကြပြီး ၀၃း၀၀ ချိန်တွင် နမ့်လောင်းချောင်းအတိုင်း ဆက်လက်ဆင်းလာခဲ့ရာ သံလွင်မြစ်ကမ်းသို့ မတ်လ ၁၄ ရက် ၁၂း၃၀ ချိန်တွင် ရောက်ရှိခဲ့ကြသည်။
နောက်တစ်နေ့တွင် အထောက်တော်စေလွှတ်၍ ဖန်မွန်းရွာသူရွာသားများနှင့် ဆက်သွယ်နိုင်ခဲ့သည်။ ရွာသူရွာသားများမှ တပ်မတော်အား ကြည်ညိုရင်းစွဲရှိသဖြင့် နံနက်စာကျွေးမွေးခဲ့ကြသည်။ တောင်သာစခန်းမှ ဖောက်ထွက်ကြရာတွင် ခြေထောက်ဒဏ်ရာဖြင့် လူစုကွဲကျန်နေခဲ့သော တပ်သားတစ်ဦးအား ရွာသားများမှဖွက်ထားရာမှ တပ်ခွဲမှူးထံ ပြန်လည်အပ်နှံသည်။ ထို့နောက် လမ်းပြနှစ်ယောက်ဖြင့် နမ်းကျိန် ကျေးရွာသို့ ဆက်လက်ပို့ဆောင်ခဲ့ကြသည်။ နမ်းကျိန်ရွာ တောင်ယာတဲတစ်ခုသို့ ရောက်နေသော တောင်ဘက်စခန်းကုန်းမှ ဖောက်ထွက်လာခဲ့သည့် တပ်ကြပ်ရမားဆင် ဦးစီးတပ်စိတ်နှင့်ထပ်မံဆုံသည်။ တဖြည်းဖြည်းနှင့် ပါဖန်မှ ဖောက်ထွက်လာသောတပ်စိတ် အလုပ်သင်ဗိုလ်ဝင်းမြင့် ဦးဆောင်သော နောက်ချန်တပ်စိတ်တို့ ပြန်လည်ပေါင်းဆုံမိခဲ့ကြသည်။
ပိန်းလွန်းရွာတွင် တပ်ခွဲမှူးမှ အထောက်တော်စေလွှတ်ရာ ခမရ ၁၀၄ စစ်ကြောင်းနှင့် အဆက်သွယ်ရရှိကာ ပူးပေါင်းမိခဲ့ကြသည်။ ထိုမှတဆင့် အဆင့်ဆင့်ပို့ဆောင်ကြရာ မတ်လ ၁၇ ရက်နေ့ ၁၄း၃၀ တွင် တန့်ယန်းမြို့သို့ရောက်ရှိခဲ့ကြပြီး မြို့သူမြို့သားများမှ ရင်နှစ်သည်းချာများပမာ ကြိုဆိုခဲ့ကြသည်။
ရှေ့တန်းအမှတ်(၂)ခြေလျင်တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးသိန်းထွန်းတင်ဦးစီး တပ်မတော်သားများသည် ပွိုင့် ၆၀၄၁ စခန်းမှ ရေနှင့် ခဲယမ်းပြတ်လတ်သည်အထိ ၈ ည နှင့် ၇ ရက်တိုင်တိုင် ခုခံတိုက်ခိုက်ခဲ့ကြပြီး အရာရှိ စစ်သည် ၁၅ ဦးကျဆုံး၊ တပ်ခွဲမှူးနှင့် ၁၂ ဦးဒဏ်ရာရရှိကာ ဗကပ အင်အား ၂၀၀ ခန့်သုတ်သင်နိုင်ခဲ့သည်။ မိမိဘက်မှ အင်အား ၅၇ ယောက်တွင် တပ်ခွဲမှူးနှင့် စစ်သည် ၄၂ ယောက်တို့ အရောက်ပြန်လာနိုင်ခဲ့ကြသည်။
၎င်းစွမ်းဆောင်ချက်မှာ တပ်မတော်သမိုင်းတွင် ထူးခြား ပြောင်မြောက်သော တိုက်ပွဲတစ်ပွဲအဖြစ် မှတ်ကျောက်တင် မော်ကွန်းရေးထိုးရမည်ပင်ဖြစ်ပေသည်။
ပွိုင့် ၆၀၄၁ တောင်ကုန်း တိုက်ပွဲတွင် တိုက်ပွဲဝင်ခဲ့သော တပ်မတော်သားအပေါင်းနှင့် ကျဆုံးသွားသော ဗိုလ်ခင်မောင်အေးနှင့် စစ်သည်အဆင့်အတန်းအားလုံးတို့အား နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက လေးစားစွာဂုဏ်ပြုအပ်ပါသည်။
သူရစစ်သွေး

နိုင်ငံတော်အတွက် အသက်စွန့်၍တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားအားလုံးအား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်