ခရီးသည်တင် မှန်လုံယာဉ် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းကို ကျော်လွန်ပြီးအခြားယာဉ်တစ်စီးအားတိုက်မိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၅ မိုင်အနီးတွင် နိုဝင်ဘာ ၁၀ ရက် နံနက်အစောပိုင်းက အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းကို ကျော်လွန်ပြီးနောက် တစ်ဖက်ယာဉ်ကြောရှိ အခြားမော်တော်ယာဉ်အား တိုက်မိမှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီခွဲခန့်က ပဲခူးမြို့နယ် ဘောနီအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၅ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း သိန်းထိုက်စံ (၄၅ နှစ်) ကျောက်ပန်းတောင်းမြို့နေသူ မောင်းနှင်ပြီး ခရီးသည် ၂၉ ဦး လိုက်ပါလာသော ယာဉ်အမှတ် YGN-12 3J/—-ဒို့ညီနောင်-(ရန်ကုန်-တာချီလိတ်) ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းအား ကျော်လွန်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျော်လွန်ပြီး ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးမောင်မောင်အေး (၆၅ နှစ်) ပြင်ဦးလွင်မြို့နေသူ မောင်းနှင်လာကာ ယာဉ်ပေါ်တွင် ဒေါ်နီနီမာ (၅၇ နှစ်) လိုက်ပါလာသည့် ယာဉ်အမှတ် YGN-36/—–TOYOTA Alphard (အဖြူရောင်)မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဒို့ညီနောင်- (ရန်ကုန်-တာချီလိတ်) ခရီးသည်တင်မှန်လုံယာဉ်ပေါ်ရှိ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာမရှိဘဲ တိုက်မိခံရသည့် Alphard (အဖြူရောင်) မော်တော်ယာဉ်ပေါ်လိုက်ပါသူ ဒေါ်နီနီမာတွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး YGN-12 3J/—-ဒို့ညီနောင်- (ရန်ကုန်-တာချီလိတ်) ခရီးသည်တင်မှန်လုံယာဉ်မောင်းဖြစ်သူ သိန်းထိုက်စံအား ဥပဒေအရ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။