အသက် (၈) နှစ်အရွယ်နဲ့ (၁၀) နှစ်အရွယ် ညီမနှစ်ဦးကို မုဒိမ်းကျင့်ခဲ့သူအား ထောင်ဒဏ်အနှစ် (၄ဝ) ချမှတ်ခံရ

ကရင်ပြည်နယ် မြဝတီမြို့မှ အသက် (၈) နှစ်နှင့် (၁၀) နှစ် အရွယ်ညီအစ်မနှစ်ဦးအပေါ် မုဒိမ်းကျင့်ခဲ့သည့် တရားခံ အမျိုးသားကို ယနေ့ နိုဝင်ဘာ (၁ဝ) ရက်၊ နံနက်ပိုင်းမှာ မြဝတီခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် (၄ဝ) ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တရားခံဟာ ဆိုင်ကယ်အငှားမောင်းသူဖြစ်သလို အဆိုပါညီအစ်မနှစ်ဦးကို ကျောင်းကြို/ပို့လုပ်ပေးနေတဲ့ အောင်ဝင်းနိုင် ဆိုသူဖြစ်တယ်လို့ သိရပြီး ဇန်နဝါရီ (၁၁) ရက်က ညီအစ်မနှစ်ယောက်ကို ကျောင်းကနေကြိုခဲ့ပြီး မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ရန်ကင်းအောင်လမ်းမှာရှိတဲ့ လူမနေတဲ့အိမ်တစ်လုံးမှာ ညီအစ်မနှစ်ယောက်လုံးကို တစ်လှည့်စီ သားမယားအဖြစ်ပြုကျင့်ခဲ့သလို ဇန်နဝါရီ (၁၂) ရက်နေ့မှာလည်း ၈ နှစ်အရွယ် ကလေးငယ်ကို သားမယားအဖြစ်ပြုကျင့်ခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ဇန်နဝါရီ (၁၂) ရက်က ရဲစခန်းသို့ တိုင်ကြားရာ မြဝတီမြို့မ ရဲစခန်းက (ပ) ၁၃/၂၀၂၃ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးပြီး၊ ၁၀ လ အကြာမှာ မြဝတီခရိုင်တရားရုံးက ယခုလို ထောင်ဒဏ် အနှစ် (၄၀) ပြစ်ဒဏ်ချမှတ်လိုက်တာလို့ သိရပါတယ်။

crd; 𝙢𝙝𝙩𝙣𝙚𝙬𝙨