ခရမ်းသီး အထွက်ကောင်းဖို့ စိုက်ပျိုးနည်း

ခရမ်းသီးဟာ အပူကြိုက်သီးနှံဖြစ်ပြီး အရမ်းအေးတဲ့ တောင်ပေါ်ဒေသကလွဲရင် ကျန်တဲ့ဒေသတွေမှာ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။
(၁) ကြိုက်နှစ်သက်သော မြေအမျိုးအစား
ရေသွင်း၊ ရေထုတ်လွယ်ကူပြီး မြေသြဇာကောင်းတဲ့ သဲနှုန်းမြေကို ကြိုက်နှစ်သက်ပါတယ်။ မြေဆီသြဇာ ထက်သန်တဲ့ မြေကိုနှစ်သက်ပါတယ်။ မြေချဉ်ငန်ဓာတ် (၅.၅-၆.၅) အတွင်းမှာ ပိုမိုဖြစ်ထွန်းနိုင်ပါတယ်။
(၂) ကြိုက်နှစ်သက်သော ရာသီဥတု
ပူနွေးတဲ့ရာသီဥတုကို ကြိုက်တဲ့အပင်ဖြစ်ပါတယ်။ သမပိုင်းရာသီဥတုဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အေးတဲ့ရာသီမှာဆိုရင် အသီးဖြစ်ထွန်းမှုကို ကျဆင်းစေနိုင်ပါတယ်။
(၃) ပျိုးထောင်ခြင်း
ကောင်းကောင်းဆွေးမြေ့တဲ့ တိရစ္ဆာန်အညစ်အကြေး၊ သစ်ရွက်စိမ်းမြေသြဇာတွေ အသုံးပြုပြီး ပျိုးထောင် နိုင်ပါတယ်။ ပျိုးဘောင်၊ ပျိုးခွက်၊ ပျိုးအိတ်တွေနဲ့ ပျိုးထောင်နိုင်ပါတယ်။
(၄) ပြောင်းရွှေ့စိုက်ပျိုးခြင်း
ပျိုးပင်အရွက် (၅)ရွက်ထွက်တဲ့အချိန်မှာ စိုက်ခင်းထဲကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ပင်ကြား×တန်းကြား ဆုံကျင်းတွေမှာ ညနေခင်းအချိန်တွေမှာ ကျန်းမာသန်စွမ်းတဲ့ပျိုးပင်တွေကို ထောင်မတ်နေအောင် စိုက်ပျိုးရမှာဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှာ အစိုဓာတ်လုံလောက်မှုရှိစေဖို့ အလွန်အရေးကြီးပါတယ်။ ခြောက်သွေ့ပူပြင်းတဲ့ရာသီတွေမှာ အပင်တွေကို နေပူဒဏ်မှ ကာကွယ်နိုင်ဖို့ သစ်ပင်သစ်ကိုင်းတွေ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။
(၅) အပင်ပြုစုခြင်း
အချိန်မှန်ပေါင်းရှင်းတာ၊ မိုးစိုက်ခရမ်းဖြစ်ရင်တော့ ရေမဝပ်စေဖို့ မြေတောင်မြှောက်ပေးတာ၊ ဘောင်လုံးပေးတာ ဆောင်းစိုက်ခင်းမှာ အစိုဓာတ်ထိန်းနိုင်ဖို့ ကောက်ရိုး၊ မြက်ခြောက်တွေ အုပ်ပေးတာ၊ မြေတောင်မြှောက်ချိန်မှာ ယူရီးယားကို ထပ်မံထည့်သွင်းပေးတာတွေ လုပ်ပေးရမှာဖြစ်ပါတယ်။
(၆) ခူးဆွတ်ခြင်း
အသီးခူးဖို့ အချိန်ဟာ အသီးရဲ့ပုံသဏ္ဍာန်အမျိုးအစားပေါ် မူတည်ပါတယ်။ လုံးဝိုင်းပုံ၊ ဘဲဥပုံအသီးတွေကို ပန်းပွင့်ပြီး ၁လကြာရင် ခူးဆွတ်နိုင်ပါတယ်။ လုံးရှည်ပုံမှာလည်း ပန်းပွင့်ပြီး ၁လကြာရင် ခူးနိုင်ပြီး အသီးရှည်နဲ့ အရမ်းရှည်တဲ့မျိုးတွေကတော့ ပန်းပွင့်ပြီး ၁လနှင့် ၁၀ရက်ကြာရင် ခူးနိုင်ပါတယ်။ အသီးအရောင်တောက်နေတဲ့ အချိန်ဟာ စားသုံးဖို့အနေတော်ဖြစ်ပြီး အရောင်မှိုင်းသွားပြီးတော့ အသီးရင့်လွန်းသွားရင် စားသုံးဖို့မကောင်းတော့ပါ။ တစ်ဧကမှ ခရမ်းသီး ပိဿာချိန် (၆၀၀၀-၈၀၀၀) အထိ ထွက်နိုင်ပါတယ်။