ကြွေးကိုပေးဆပ်ရတယ်

“ဝဋ်ကြွေး”တဲ့။
လည်ပတ်ပြီးတော့ဖြစ်လာတာ။
တစ်ချိန်တုန်းက ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ ပြန်ပြီး Reaction တုံပြန်လာတာတွေ ရှိလာတယ်။
ဒါ သဘာဝတရားရဲ့ တုံပြန်မှုလို့ ပြောတာ။
အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲဖြစ်စေ၊
ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ မည်သူ့ သန္တာန်ပဲဖြစ်ဖြစ်
ကံကြမ္မာဝဋ်ကြွေးတွေက အကြောင်းညီညွတ်ရင်
တုံ့ပြန်လာတတ်သေးတယ်တဲ့။
အဲဒီဝဋ်ဟာ ကိုယ်လုပ်ခဲ့တာဖြစ်သည့်အတွက်ကြောင့်
ကိုယ်က ပြန်လည်ပေးဆပ်ရလို့ ကြွေးနဲ့အလားသဏ္ဌာန်တူလို့ ကံကြမ္မာဝဋ်ကြွေးလို့ပြောတာ။
ကြွေးဆိုတာမဆပ်ဘဲနေလို့မရဘူး။
ဆပ်ရတယ်နော်။
ကြွေးဆိုတာတစ်နေ့တစ်ချိန် ဆပ်ရတယ်။
ဒါကြောင့် ဒီကံကြမ္မာ ဝဋ်ကြွေးတွေဟာလည်းပဲ
ပေးဆပ်ကြရတယ်။
အကယ်၍ မပေးဆပ်ရသေးလို့ရှိရင်
ဒီကံရဲ့ အရှိန်အဟုန်ကကုန်ပြီးတော့ မသွားဘူး။
ကိလေသာကုန်သွားရင် ဘဝ အကျိုးပေးစရာ
မရှိတော့သည့်အတွက်ကြောင့် ဘဝတစ်ခုကို
အကျိုးမပေးနိုင်ဘူး။ သို့သော် ကံကိလေသာရဲ့
အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီး ရှိနေသေးရင်တော့
ပေးဆပ်ကြရသေးတယ်လို့ ဒီလိုပြောတာနော်။
ဘုန်းကြီးတို့ဘဝလည်း ကိုယ့်ကိုယ်ကိုပြန်စစ်ပြီးတော့
ကြည့်ပေါ့။ အသက် (၃၀) အရွယ်ရှိတဲ ပုဂ္ဂိုလ် က
ဒီ(၃၀) အတွင်းမှာ ဘာတွေဖြစ်ခဲ့သလဲ။
အသက် (၄၀)၊ (၅၀)၊ (၆ဝ)၊ (၇ဝ) ရှိတဲ့ ပုဂ္ဂိုလ်ကလည်း
ကိုယ့် ဒီဘဝတွေအတွင်းမှာ ဘာတွေဖြစ်ခဲ့သလဲ
ပြန်ပြီးတော့ ကြည့်။ မဖြစ်ချင်တာတွေ ဖြစ်လာလို့ရှိရင်
ကံကြမ္မာ ဝဋ်ကြွေးနဲ့ သက်ဆိုင်မှုရှိ၊ မရှိ
အတော်အသင့် ခန့်မှန်းလို့ရမယ်။ 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ