ကြာဇံချက် ချက်နည်းလေးပြောပြမယ်နော်

~ကြွက်နားရွက်မှိုခြောက် ပန်းခြောက် ကြက်တောင်ပံတု နဲ့ ပဲပြားလိပ် လေးမျိုးကို ရေစိမ်ထားပေးပါ။ ပန်းခြောက်ကလွဲပြီး ကျန်သုံးမျိုးကို ၅မိနစ်တစ်ခါ စိမ်ထားသော ရေများသွန်ပြီး ရေအသစ်လဲ၍ ပြန်စိမ်ထားပေးပါ။ ဆိုးဆေးတွေပါနိုင်လို့ပါ။ ရေ ၃ခါလောက်လဲပေးပြီးရင် ဇကာဖြင့်ရေစစ်ပြီး ကတ်ကြေးဖြင့် အနေတော်အရွယ်ညှပ်ထားပေးပါ။

~ကြက်သား(သို့)ကြက်ရိုး ကို ဆား ဆနွင်း အရသာမှုန့် နယ်ထားပါ။

~ကြက်သွန်ဖြူနီထောင်းထားပေးပါ။ ကြက်သွန်ဥအလုံးလိုက် အခွံခွာထားပေးပါ။

~ပဲကြာဇံရေစိမ်ထားပေးပါ။

~ကြက်သားကို ဂျင်း သကြား ရေ ကြက်သွန်ဥအလုံးလိုက် ထည့်ပြီး တစ်နာရီခန့် ပြုတ်ပေးပါ။ အပေါ်မှ ဝေ့တက်လာသော အမဲဖတ်များ ခပ်ထုပ်ပစ်ပါ။ ကြက်သားနူးအိပြီဆို ဟင်းအိုးချပါ။ ဆီအနီရဖို့ ပြင်ဆင်ပါ့မယ်။

~ထောင်းထားသောကြက်သွန်ဖြူနီ ကို ဆီသပ်ပါ။ ကြက်သွန်ကြွပ်ခါနီးမှ ငရုတ်အရောင်တင်မှုန့်ထည့်ပါ။ အနံ့ပိုမွှေးစေဖို့ ငံပြာရည်အနည်းငယ်ထည့်ပြီးဆီသတ်ပါ။ ကြက်သွန်မတူးဖို့သတိပြုပါ။

~ခုနကပြုတ်ထားသောကြက်သားအရည်အိုးထဲသို့ ချက်ထားသော ဆီအနီဇွန်းဖြင့်ခပ်ထည့်ပြီး ဟင်းအိုးဆူသည်ထိပြန်တည်ပါမယ်။ ကြက်ပြုတ်ရည် နည်းနေရင် ရေထပ်ထည့်လို့ရပါတယ်။

~ကြက်ပြုတ်ရည်အိုးလည်းဆူပြီဆို ကြွက်နားရွက်မှိုများထည့်ပါ။ နောက်၅မိနစ်အကြာမှ ပန်းခြောက် ပဲလိပ် နဲ့ ကြက်တောင်ပံတုများထည့်ပါ။ ဆား အရသာမှုန့် နဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး ပွက်ပွက်ဆူသည်အထိတည်ပါ။ နောက်ဆုံးမှ ပဲကြာဇံထည့်ပါ။ ၂မိနစ်ခန့်အကြာမှာ ဟင်းအိုးမီးပိတ်လို့ရပါပြီ။ လိုအပ်သော အရသာစိတ်ကြိုက်ပြင်ဆင်ပါ။

~ကြာဇံချက်တစ်ပွဲစာပြင်ဆင်ပြီး နံနံပင် ကြက်သွန်နီ သံပုရာသီး ငံပြာရည် ငရုတ်သီးမှုန့် တို့ဖြင့် တွဲဖက်စားလို့ရပါပြီ။ အဆင်ပြေကြပါစေနော်