ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့တဲ့ တရားခံ ၉ ဦးကို စစ်ကိုင်းမြို့မှာ ဖမ်းမိပြီ

ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ဆိုသူကို သတ်ဖြတ်ခဲ့သည့် တရားခံ ၉ ဦးကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့သည် မတ်လ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်လူမိုက် ကျော်ဝင်းစိန် ဆိုသူကို သတ်ဖြတ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ယ ရာထွအမှတ် ၁၀၀/၂၀၁၁၊ အလုံမြို့နယ်ရဲစခန်း၏ (ပ)၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ အမှုတို့မှ တရားခံပြေး ရဲမျိုးသိန်း (ခ) ငမျိုး ဦးဆောင်သည့် ရန်ကုန်အခြေပြု ရာဇဝတ်မှုကျူးလွန်သူများပါဝင်သည့်အဖွဲ့မှာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စစေတီဘုရားအနီး ပုဗ္ပာရုံကျောင်းအတွင်း၌ ဘုရားတည်ရန်ဟုဆိုကာ ရောက်ရှိတိမ်းရှောင်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့သွားရောက်ဖမ်းဆီးရာ တရားခံများမှာ ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ တရားခံများဖြစ်သည့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ရဲမျိုးသိန်း (ခ) ငမျိုး၊ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင်နေထိုင်သည့် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ ကျိုက်လတ်မြို့နယ်နေ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ထန်းတပင်မြို့နယ်နေ ဥက္ကာ၊ လှိုင်သာယာမြို့နယ်နေ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ဆန်းလင်း (ခ) သံမဏိ၊ ကော့မှူးမြို့နယ်နေ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး (ခ) တွတ်ပီ ဆိုသူတို့ (၉) ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

၎င်းတရားခံများထံမှ ဓါးရှည် (၅) ချောင်း၊ ဓါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

MyanmaGone