ကိုရီးယားရှိ မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ယာယီရပ်နားမယ်

ကိုရီးယားနိုင်ငံရှိ မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို လာမည့် စက်တင်ဘာလ ၁ ရက်ကစပြီး ယာယီရပ်နားမယ်လို့ ဆိုးလ်မြို့၊ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့စက်ကို ပြုပြင်ထိန်းသိမ်းရမှာဖြစ်လို့ ရပ်နားမှာလို့ဆိုပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားတာကို သောကြာနေ့(စက်တင်ဘာလ ၁ရက်)ကစပြီး ရပ်နားထားမှာဖြစ်ပြီး ပြန်လက်ခံမယ့်ရက်ကို ထပ်မံအသိပေးအကြောင်းကြား မယ်လို့ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားပြီးသူတွေရဲ့ နိုင်ငံကူးလက်မှတ်စာအုပ် အသစ်တွေကို သတ်မှတ်ထားတဲ့နေ့အတိုင်း ဆက်လက်ထုတ်ပေးသွားမယ်လို့ မြန်မာသံရုံးက ဆိုပါတယ်။

လက်ရှိတွင် ကိုရီးယားရှိ မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးလို့ အသစ်လျှောက်ထားမှုအတွက် ဒဏ်ကြေးသတ်မှတ်ချက်ကို ယခင် ၇၅ ဒေါ်လာမှာ ယခုအခါ ၁၀၅ ဒေါ်လာအထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

နိုင်ငံကူးလက်မှတ် စာအုပ်တန်ဖိုးကိုတော့ ဝမ် ၄၈,၀၀၀ ကောက်ခံမယ်လို့လည်း ဆိုပါတယ်။