ကိုဗစ်-၁၉ ရောဂါအလေးထားကာကွယ်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အချိန်ကာလအားဖြင့် နှစ်နှစ်ကျော် သုံးနှစ်နီးပါးကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ကြောက်မက်ဖွယ် ကူးစက်ရောဂါဆိုးကို တစ်ကမ္ဘာလုံး ကြုံတွေ့ခံစားခဲ့ရာ ယနေ့အချိန်အထိ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့် ကူးစက်ခံခဲ့ရပြီး ဆက်လက်၍လည်း ကူးစက်မှုများရှိနေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ကမ္ဘာ့ပြည်သူသန်းနှင့်ချီ၍ သေဆုံးခဲ့ပြီး ရောဂါကြောင့် နောက်ဆက်တွဲ ခံစားမှုများကို အားလုံးကြုံတွေ့နေရသည်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခြင်းမရှိဘဲ မူလဇာစ်မြစ်မှတစ်ဆင့် ရောဂါမျိုးကွဲအဆင့်ဆင့်ပွားများဖြစ်ပေါ်လာကာ ကမ္ဘာ့နိုင်ငံများတွင် ဆက်လက် ကူးစက်ပျံ့နှံ့လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါသည် ပထမလှိုင်း၊ ဒုတိယလှိုင်းဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာပြီး တတိယလှိုင်းတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူများ အသေအပျောက် အများဆုံး ဖြစ်ပေါ်ခဲ့သည်။ စတုတ္ထလှိုင်းတွင် ကိုဗစ်-၁၉ ရောဂါသည် ကူးစက်နှုန်းမြန်ဆန်သော ဗီဇမျိုးကွဲအသွင် ပျံ့နှံ့ခဲ့ပြီး နိုင်ငံများအနေဖြင့် အသေအပျောက်နည်း သောရောဂါကို အရှိန်အဟုန်မပျက် ကာကွယ်၊ ထိန်းချုပ်၊ ကုသလျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂၄ နာရီအတွင်း ပြည်သူ ၅၀ သေဆုံးခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ နိုင်ငံတစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်းသည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆမနေသင့်ဘဲ အထူးဂရုစိုက်၍ ကာကွယ်၊ ထိန်းချုပ်ရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိသလောက်ဖြစ်သော်လည်း ရောဂါကူးစက် ဖြစ်ပွားနှုန်းများ တစ်နေ့တခြား မြင့်မားလာသည်ကို သတိပြုရမည် ဖြစ်သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာ ကျဆင်းခဲ့ပြီး ရောဂါပိုးစစ်ဆေးတွေ့ရှိမှု တစ်ရာခိုင်နှုန်းအောက် ရပ်တည်ခဲ့သော်လည်း ယခုကာလတွင် ဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာသစ်မှာ သြဂုတ်လ ၁၈ ရက်နေ့တွင် ၃၁ ဦး၊ ၁၉ ရက်နေ့တွင် ၃၂ ဦးရှိရာမှ သြဂုတ်လ ၂၃ ရက်နေ့တွင် ၅၂ ဦးတွေ့ရှိပြီး ၂၄ ရက်နေ့တွင် ၆၃ ဦးအထိ တွေ့ရှိလာခဲ့သည်။

မြန်မာနိုင်ငံ၌ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သေဆုံးသူ မရှိသလောက် ဖြစ်သော်လည်း ကူးစက်မှုနှုန်းမြင့်မားလာသည်ကို သတိပြုရမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါလာရောက်စစ်ဆေးခံသော ပြည်သူများတွင် ဓာတ်ခွဲအတည်ပြု လူနာများအနက် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ် -၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ပြည်ပမှဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ကူးစက် ဖြစ်ပွားသူများတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4၊ BA.5၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်ပေါ်မှု အခြေအနေများကို ပြည်သူများအား အသိပေး ထုတ်ပြန်ထားပြီး ဖြစ်သည်။

ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ယခုကာလအထိ ရောဂါပိုးတွေ့သူ သန်း ၁၀၀ နီးပါးရှိ၍ သေဆုံးသူ တစ်သန်းကျော်ရှိပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲများကို ကာကွယ်ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဆက်လက်ကူးစက် ဖြစ်ပွားနေစဉ်တွင် ကြောက်မက်ဖွယ် မျောက်ကျောက် ရောဂါကူးစက်မှုမှာ ကမ္ဘာ့နိုင်ငံများတွင် အများဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားခြင်း မရှိသေးဘဲ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ယခုအခါ ပြန်လည် မြင့်တက်လာသည်။ ယခင်ကာလများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ခြောက်သိန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ နှစ်သောင်းနီးပါးရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည် ဖြစ်၍ အသက် (၅)နှစ်နှင့် အထက် ပြည်သူအားလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရန် လိုအပ်သည့်အပြင် အသက် (၁၈) နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးသည့်ကာလ ခြောက်လပြည့်ပြီးသော ပြည်သူများအနေဖြင့်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထပ်မံထိုးနှံကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်အချက်များကိုလည်း မမေ့လျော့ရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။