ကယား BGF(1004)မှ အာဏာလုပွဲ

ကယား BGF (1004) ကိစ္စ အားလုံးကြားသိပြီးသား ဖြစ်ပါလိမ့်မယ်။ လိုင်းပေါ်မှာတော့ တပ်ရင်းတစ်ခုလုံးပဲ တောခိုသွားသလိုလို ရေးနေကြလို့ အခုလိုရေးသားဖော်ပြလိုက်ပါတယ်။

မြေပြင်အမှန်က BGF တပ်ရင်းတစ်ခုလုံး တောခိုသွားတာမဟုတ်ပါဘူး။ မယ်စဲ့မြို့နယ်၊ ပန်တိန်း ရွာမှာတည်ထားတဲ့ 1004 တပ်ရင်းမှာ ကယောလူမျိုး၊ ကယန်းလူမျိုး၊ ကယားလူမျိုးတွေ အများစုနဲ့ဖွဲ့စည်းထားပါတယ်။ တစ်နည်းအားဖြင့် ယခင် ကလလတအဖွဲ့ဝင်တွေ။ စခန်းစွန့်ပြီး တောထဲရောက်သွားတာက ကယန်းလူမျိုးတွေဖြစ်ပါတယ်။

BGF(1004) မှာ တပ်မှူးလုပ်သူက ဗိုလ်မှူး ရီးစမာ၊ ဒုတပ်မှူးက ယိုနားဘားရီ။ တပ်မှူးလုပ်သူက လူအေးတစ်ယောက်၊ တပ်စဖွင့်ကတည်းက တပ်မှူးလုပ်လာတာဖြစ်ပြီး စစ်သက်အရ သူ့ကို တပ်မှူး ပေးထားတာ။ ဒါကို ဒုတပ်မှူးက မကျေနပ်လို့ တပ်ထဲမှာ ခဏခဏ ကတောက်ကဆဖြစ်တယ်။ ရီးစမာက တပ်မတော်နဲ့အဆင်ပြေတယ်၊ တပ်ကိုယုံကြည်တယ်။ ဒုတပ်မှူး ယိုနားဘားရီ လို့ခေါ်တဲ့ ရဲသွေးက လူလည် အခွင့်အရေးသမား (ဗမာလူမျိုးလို့လည်း တစ်ချို့ကပြောတယ်)ဖြစ်လို့ တပ်မှူးရဲ့ ဟာကွက်ကိုစောင့်နေတဲ့သူဖြစ်တယ်။ ရီးစမာက ကလလတဥက္ကဌ ထွန်းကျော်ရဲ့ လူယုံဖြစ်ပြီး ယိုနားဘားရီကတော့ ကလလတစစ်ရေးတာဝန်ခံ ထွန်းရွှေရဲ့ လက်ရင်းတပည့်ဖြစ်ပါတယ်။ စီးပွားရေးသမား လူလည်ထွန်းကျော်ရဲ့ နိုင်ငံခြားငွေရမယ်ဆိုတဲ့ ဝါဒဖြန့်မက်လုံးတွေကြောင့် သူတို့ကို မလွန်ဆန်နိုင်တဲ့ BGF တပ်မှူးနဲ့ ဒုတပ်မှူးတို့ဟာ တပ်မတော်ကိုသစ္စာဖောက်ပြီး သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်ခဲ့တဲ့ KNPP နဲ့ပူးပေါင်းသွားတာလဲဖြစ်ပါတယ်။ တပ်မှူးနဲ့ ဒုတပ်မှူးတို့ဟာ KNPP နဲ့ပူးပေါင်းမယ့်ကိစ္စမှာ သဘောထားကွဲလွဲခဲ့ကြပြီး ရီးစမာက အစပိုင်းမှာ အင်တင်တင် လုပ်နေခဲ့တယ်။

ရဲသွေးက တပ်မှူးကို မနာလိုတော့ လက်အောက်က ရဲဘော်တွေကို လိုက်လံစည်းရုံးတယ်။ ကယန်းလူမျိုးတွေ သူ့ဘက်ပါလာပြီဆိုတာနဲ့ တပ်မှူးလုပ်သူကို အကြပ်ကိုင်ဖမ်းဆီးခေါ်ဆောင် သွားပြီး ကယန်းလူမျိုးတွေနဲ့အတူ တောခိုသွားခြင်းဖြစ်တယ်။

ယခုလက်ရှိ ပန်တိန်းရှိ 1004 ဌာနချုပ်မှာ အစိုးရတပ်မတော်နဲ့ တောမခိုတဲ့ BGF အဖွဲ့တွေက ဝင်ရောက်နေရာယူထားပါတယ်။ ကျန်ခဲ့တဲ့ BGF အဖွဲ့ဝင်တွေဟာ ရီးစမာရဲ့ ဘက်တော်သားတွေ ဖြစ်ပြီး သူတို့တပ်မှူးတောခိုသွားတယ်ဆိုတာကို မယုံကြည်ကြပါဘူး။

KNPP အဖွဲ့နဲ့ ကလလတ BGF အဖွဲ့တွေ စစ်ရေးအရပူးပေါင်းသွားတယ်ဆိုတာ ရေရှည်မှာမဖြစ်နိုင်ကြောင်း ကယားပြည်သူတွေက ထင်မြင်ယူဆနေကြပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကလလတအဖွဲ့ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အကြား KNPP သူပုန်အဖွဲ့ကို နှိမ်နင်းတဲ့အခါမှာ တပ်မတော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်ပြီး KNPP အဖွဲ့ ပျက်သွားလောက်အောင် ပညာပေးခဲ့လို့ပါပဲ။ မယ်ဟောင်ဆောင်မှာရှိတဲ့ KNPP ဒုက္ခသည် စခန်းအထိတောင် ကလလတအဖွဲ့တွေက မီးတက်ရှို့ခဲ့တာ။ ဒါကြောင့် KNPP နဲ့ ကလလတ အဖွဲ့တွေဟာ သမိုင်းရန်ကြွေးရှိတယ်။ ယခင်ကတည်းကလည်း ကိုယ်ဦးကိုယ်ချ၊ သူဦးသူချပဲ။ KNPP နဲ့ ပေါင်းသွားခဲ့တယ်ဆိုရင်တော့ ဘယ်လိုမျက်နှာတွေနဲ့ ပေါင်းလဲ၊ ဘယ်လောက်ရေရှည်ခံမလဲတော့ ကျနော် မစဉ်းစားတတ်ဘူး။ KNPP ကရော သူတို့ကို ယုံကြည်ပါ့မလား။

အခုလည်း တပ်မှူးကို ယုံကြည်တဲ့ သူ့တပည့်တွေကတော့ ရဲသွေးအဖွဲ့ကို လိုက်တိုက်ဖို့ လုပ်နေပြီ။ တပ်မှူးကတော့ အသက်ရှင်သေးလား ဘာလားဆိုတာတော့ မသိရသေးပါ။

တပ်မတော်ကပေးတဲ့ လစာ/ ရိက္ခာ/ နေရာထိုင်ခင်းတွေကို ယူထားပြီး အခုလိုသစ္စာဖောက်တာ ကတော့ ယိုနားဘားရီ(ရဲသွေး)အဖွဲ့ မကြာခင်မှာ သစ္စာဖောက်တို့သွားရာလမ်းကို ကြွမြန်းရတော့ မယ် ဆိုတာပါပဲ။