PDFများ အပြည့်အဝထောက်ပံ့ငွေမရတဲ့ အကြောင်းအရင်း

အားလုံးသိတဲ့အတိုင်းပဲ NUG အဖွဲ့နဲ့ ပန်ဆယ်လိုတို့လို နာမည်ကြီး Fundraiser တွေက တော်လှန်ရေးရန်ပုံငွေအကြောင်းပြပြီး အလှူငွေတွေသန်းပေါင်းများစွာ လစဉ်ရနေတယ်လို့ ပြောနေပေမဲ့ PDF တွေကတော့ အနည်းအကျဉ်းသာရရှိလို့ ကြေကွဲပေါက်ကွဲနေကြတာ နေ့စဉ် လိုလိုပါပဲ။
အထူးသဖြင့် PDF တွေကို လက်နက်တပ်ဆင်ပေးမဲ့ ခေါင်းစဉ်တွေတပ် အလှူခံကောက် ရန်ပုံငွေရှာပြီး PDF တွေကို မထောက်ပံ့လို့ လက်နက်၊ ခဲယမ်းမပြည့်မစုံ တိုက်ပွဲဝင်နေရတဲ့သတင်းတွေ အများအပြား မြင်တွေ့ကြားသိနေရပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတော့ အဓိကအချက် ၂ ချက်ရှိပါတယ်။
ပထမအချက်ကတော့ NUG နဲ့ Fundraiser တွေရဲ့ လုပ်စားလုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။
ဒီအချက်က လုံးဝငြင်းလို့မရပါဘူး၊ သူတို့အချင်းချင်း ခွက်စောင်းခုတ်မှုတွေ၊ ဘာအလုပ်မှ မရှိပဲ အလှူခံလုပ်ပြီး သန်းပေါင်းများစွာကြွယ်ဝလာမှုတွေ၊ ပြည်ပနိုင်ငံတွေမှာ မိသားစုအလိုက် စည်းစိမ်အပြည့်နဲ့ နေထိုင်လုပ်ကိုင်နိုင်ကြတာတွေ ကြည့်လိုက်ရင် ထင်သာမြင်သာရှိတဲ့ အချက်ဖြစ်ပါတယ်။
အထူးသဖြင့် အချင်းချင်း ပြန်ဖော်ပြီး အပြန်အလှန် Live လွှင့်ပြောကြားချက်တွေအရ အလှူခံရ ငွေကို ၄၀ ရာခိုင်နှုန်း Fundraiser ကယူ၊ ၃၀ ရာခိုင်နှုန်းကို NUG ကို ပေးသွင်း၊ ၂၀ ရာခိုင်နှုန်းကို EAOs တွေကို ဆက်ကြေးပေးပြီး ၁၀ ရာခိုင်နှုန်းသာ PDF တွေကို ဖြန့်ဝေပေးတယ်လို့ သိရပါတယ်။
ဒါကြောင့် အလှူခံငွေ၊ ရန်ပုံငွေတွေ အများအပြားရပေမဲ့ အသုံးချခံ PDF များအတွက် အစွန်းထွက်မစို့မပို့သာ ရလို့ အခုလိုဖြစ်နေရတာ သိပ်ကို သိသာလွန်းပါတယ်။
ဒုတိယအချက်ကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အလှူခံရငွေတွေက သူတို့ပြောသလောက်အမှန် တကယ်မရရှိခြင်းပဲ ဖြစ်ပါတယ်.. ဆိုလိုတာက Project ခေါင်းစဉ်တစ်ခုနဲ့ ကာလသတ်မှတ်ပြီး အလှူခံနေတာ၊ ကာလပြည့်ပြီးရင် သတ်မှတ်ထားတဲ့ အလှူခံငွေ သန်းဘယ်လောက်၊ သိန်းဘယ် လောက်ရတယ်ဆိုတာ အမှန်တကယ်မဟုတ်ဘူးလို့ သိရပါတယ်။
ပြည်သူတွေက သူတို့ကို အရမ်းထောက်ခံနေကြောင်း ပြချင်လို့ မရလဲ၊ ရတယ်ဆိုပြီး အထင်ကြီးအောင်၊ မလှူတဲ့သူတွေ လှူချင်လာအောင် သတင်းအမှားနဲ့ ခပ်တည်တည်ပြောနေခြင်းဖြစ်ပါတယ်။
ဘယ်သူမှ စာရင်းမစစ်နိုင်သလို စာရင်းပြဖို့ ပြောရင်လည်း မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုမှုတွေကို ငွေလှူတဲ့သူတွေခံကြရပါတယ်.. ရိုးရိုးရှင်းရှင်းလေးစဥ်းစားကြည့်ရင် ကိုယ့်လုပ်စာနဲ့ ကိုယ့်မိသားစုရပ်တည်ရေး ရုန်းကန်နေရတဲ့ ကမ္ဘာနဲ့ချီတဲ့ စီးပွားပျက်ကာလမှာ လစဉ်လတိုင်း ခေါင်းစဉ် ၃၊ ၄ မျိုးနဲ့ အလှူခံတွေကို အမြဲတမ်းအလှူငွေထည့်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် အမှန်တကယ်သူတို့ပြောသလောက်မရတဲ့အတွက် သူတို့အချင်းချင်းကြားမှာလည်း စာရင်းမရှင်းနိုင်၊ PDF များကိုလည်း လိုသလောက်မထောက်ပံ့ အခုလို တိုင်ပတ်နေခြင်းဖြစ်ပါတယ်။
PDF တွေ အပြည့်အဝေထောက်ပံ့ကြေးမရလို့ PDF တွေက ဒေသအလိုက် မိမိအစီအစဉ်နဲ့ အလှူခံကောက်ခံမှုကို NUG အဖွဲ့က ပိတ်ပင်ထားပြီး သူတို့အလှူငွေ ပိုမိုရဖို့လုပ်နေတာလည်း မြင်တွေ့ကြရမှဖြစ်ပါတယ်။
ဒါကြောင့် နွေဦးတော်လှန်ရေးမှာ “အသူ ခံ၊ လည်သူ စား” ဆိုတဲ့ စကားရပ်က တွင်ကျယ်လာပြီး အသုံးချခံ PDF လေးတွေနဲ့ လူလည်နိုင်ငံရေးသမား၊ လုပ်စား Fundraiser များကြား ငွေကြေးအရှုပ်တော်ပုံတွေက မဖုံးနိုင်မဖိနိုင် ဖြစ်ပေါ်နေတာပါ။