One Championship နဲ့သဘောတူညီမှုရရန်နီးစပ်နေပြီဖြစ်တဲ့ အောင်လအန်ဆန်

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်က One Championship အဖွဲ့ အစည်းနှင့် ညှိနှိုင်းဆွေးနွေးနေမှုမှာ သဘောတူညီမှု ရရန်နီးစပ်နေပြီဟု  ပရိသတ်တစ်ဦး၏ မေးခွန်းအပေါ်  အတည်ပြုဖြေဆိုခဲ့သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်ရက်ပိုင်းက သူ၏ Facebook လူမှုကွန်ရက်တွင် “ရုပ်ရှင်က မပြီးသေးဘူး။ ၂၀၂၄ မှာ တွေ့မယ်”ဟု ရေးတင်ခဲ့ သည်။

ယင်း Post ၏ အောက်တွင် ပရိသတ်တစ်ဦးက “ONE မှာပဲဆိုတာ သေချာသွားပြီ” ဟု Comment ရေးခဲ့ရာ အောင်လအန်ဆန်က “ညှိနှိုင်းမှုတွေက နောက်ဆုံးတော့ တစ်နေရာရာကို ရောက်နေပါပြီ” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်၏ ပြန်လည်ဖြေကြားမှုအရ သူနှင့် One Championship အဖွဲ့အစည်းကြား ညှိနှိုင်းဆွေးနွေးနေမှုမှာ သဘောတူညီမှုရရှိရန် အတိုင်းအတာတစ်ခုအထိ နီးစပ်နေပြီဟု ယူဆနိုင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် One Championship ၏ CEO ဖြစ်သူ ချက်ထရီကလည်း အောင်လအန်ဆန်၏ ယင်း Post အောက်တွင် ထောက်ခံကြောင်းပြသသည့် Emoji ဖြင့် ဝင်ရောက်ကာ Comment ပေး သွားခဲ့သည်။

ထို့ကြောင့် အောင်လအန်ဆန်အား One Championship တွင်သာ ဆက်လက်မြင် တွေ့ရဖွယ်ရှိနေကြောင်း သိရသည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း One Championship အဖွဲ့အစည်းနှင့် ဆွေးနွေးနေမှုမှာ မပြီးပြတ်သေးကြောင်းနှင့် လာမည့်နှစ် ဧပြီတွင် မိမိပွဲကို မြင်တွေ့ရမည်ဟု သူ၏ လူမှုကွန် ရက် Facebook ဗီဒီယိုမှ ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်က “ကျွန်တော့်ပွဲအတွက် ပရိသတ်တွေ အရမ်းမေးနေတယ်နော်။ ကျွန်တော့် ရဲ့ပွဲက ကျွန်တော့်ရဲ့အမြင်မှာတော့ One Championship နဲ့ Contract က မပြီးသေးဘူး။ ကျွန်တော် လိုချင်သလောက် သူတို့ဘက်က မပေးသေးဘူးဆိုတော့  Contract က မပြီးသေးဘူး။ ဒါပေမဲ့ ဧပြီလမှာဆိုရင် ဘယ်မှာပဲဖြစ်ဖြစ် ကျွန်တော် ထိုးမယ်။ ဧပြီလမှာ ကျွန်တော်ထိုးမယ်။ အခုက ကျွန်တော် Training ပဲ လုပ်နေတယ်။ Training လုပ်ပြီး ကျွန်တော့်ရဲ့ဘော်ဒါတွေကို ကူညီနေတယ်” ဟု ပရိသတ်များကို တရားဝင် အသိပေးပြောကြားခဲ့သည်။

အောင်လအန်ဆန်၏ ယခင်ရော၊ ယခုပါ ပြောကြားထားမှုများအရ One Championship နှင့် စာချုပ်ကိစ္စရပ် ဆွေးနွေးနေမှုမှာ အပြီးသတ်သဘောတူညီမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လာမည့်နှစ် ဧပြီတွင် သေချာပေါက် ပွဲထိုးသတ်ရန် စိတ်ဆုံးဖြတ်ထားပြီဖြစ်ကြောင်းလည်း သိရသည်။

အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်ကတည်းက One Championship ၌ ထိုးသတ်ခဲ့သူဖြစ်သောကြောင့် (၉) နှစ်ကြာ လက်တွဲထားသူဖြစ်သည်။ အောင်လအန်ဆန်နှင့် One Championship တို့၏ စာချုပ်သက်တမ်းမှာ ပြီးခဲ့သည့် ဧပြီကတည်းက ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် One Championship နှင့် လက်တွဲခဲ့စဉ်အတွင်း MMA ပွဲပေါင်း (၁၉) ပွဲ ထိုးသတ်ခဲ့ရာ (၁၅) ပွဲနိုင်၊ (၄) ပွဲရှုံးနိမ့်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်းနှင့်  မစ်ဒယ်ဝိတ်တန်းတို့၏ ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် မေလအတွင်းက တရုတ်ဖိုက်တာ ဖန်ယုံကို ချုပ်ကွက်ဖြင့် အနိုင်ရထားသည်။

crd; eleven