KIA ရဲ့အနိုင်ကျင့်မှုတွေကို တွန်းလှန်ဖို့ လီဆူနှင့်ရှမ်းနီတိုင်းရင်းသားများ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်း

လီဆူပြည်သူ့စစ်ခေါင်းဆောင်က KIA အကြမ်းဖက်အဖွဲ့၏ အနိုင်ကျင့်မှုများအပေါ် တွန်းလှန်ရန်အတွက် ၁၈ နှစ်ပြည့်ပြီးသည့် လီဆူတိုင်းရင်းသား အားလုံး ပြည်သူ့စစ်အဖွဲ့တွင်ပါဝင်ရေးအတွက် စာထုတ်ပြန်၍ တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“အမျိုးသားရေးဟာ အသက်ကြီး/ငယ်မရွေး တာဝန်ရှိတဲ့အတွက် ကချင်ပြည်နယ်အတွင်း လူမျိုးကြီးဝါဒဖြင့် ခွဲခြားဖိနှိပ်မှုများပြုလုပ်နေသော အကြမ်းဖက် KIA အဖွဲ့အား ခုခံတိုက်ခိုက်ရန် အရွယ်ရောက်ပြီးသူ လီဆူတိုင်းရင်းသား အားလုံးပါဝင်ဖို့ တိုက်တွန်းခြင်းဖြစ်သည်”ဟုဦးရွှေမင်းက တိုက်တွန်းပြောကြားခဲ့ကြောင်း၊

ဆက်လက်၍ ပြည်သူ့စစ်အဖွဲ့တွင်ပါဝင်ရေးအတွက် ဆောင်ရွက်ရာတွင်လည်း KIA အဖွဲ့မှ လူသစ်စုသကဲ့သို့ အတင်းအဓမ္မ စုဆောင်းခြင်းမျိုးမဟုတ်ဘဲ လက်ရှိအမှန်တစ်ကယ်ခံစားနေရသည့် KIA ၏ခွဲခြားဖိနှိပ်ဆက်ဆံမှုများအား တွန်းလှန်လိုသည့် လူငယ်လူရွယ်များကိုသာ အဓိကထားကြောင်းနှင့် အတင်းအဓမ္မ ပြည်သူ့စစ်အဖွဲ့အတွင်းဝင်ရောက်စေခြင်းမျိုး ပြုလုပ်မည်မဟုတ်ဟု ဦးရွှေမင်းက ထပ်မံပြောကြားခဲ့ကြောင်း သိရှိရသည်။

လီဆူတိုင်းရင်းသားများအား ပြည်သူ့စစ်အဖွဲ့အတွင်း ဝင်‌ ရောက်ရန် လှုံ့ဆော်မှုနှင့်ပတ်သက်၍ ဝိုင်းမော်မြို့နေ အသက် ၂၃ နှစ်အရွယ် (အမည်လွှဲ) မောင်အားညီ က” ကျွန်တော်ကတော့ဝင်မှာ။ KIA အနိုင်ကျင့်တာ မခံနိုင်လို့ကို ဝင်မှာ။ ကျွန်တော့်လိုဝင်မယ့် သူတွေလည်းရှိတယ်” ဟုပြောကြားခဲ့ကြောင်း သိရသည်။

— မကြာသေးမီရက်ပိုင်းကလည်း ရှမ်းနီ တိုင်းရင်းသားအချို့ KIA အကြမ်းဖက်အဖွဲ့အား ခုခံတိုက်ခိုက်ရန် စစ်ရေးလေ့ကျင့်နေမှုပုံများ လူမှုကွန်ရက်တွင်ပျံနှံ့နေကြောင်းနှင့် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သော်လည်း KIA အကြမ်းဖက်အဖွဲ့သည် လက်နက်အားကိုးဖြင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း၊

ယခုကာလအတွင်း ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူနည်းစုများသည် KIA အကြမ်းဖက်အဖွဲ့အား ခုခံတိုက်ခိုက်ရန် ဆောင်ရွက်နေကြောင်းနှင့် KIA ၏ပြည်ထောင်စုဖြိုခွဲမည့်အကြံအား လီဆူ တိုင်းရင်းသားတစ်ရပ်လုံးမှ လုံးဝလက်မခံကြောင်းသိရှိရသည်။