လက်နက်အားကိုးနဲ့ ပညာရေးဖျက်ဆီးမဲ့ တွန်းဇံ PDF ကို ZRA တိုက်ခိုက်နှင်ထုတ်

မြန်မာ့နွေဦးတော်လှန်ရေးကိုအကြောင်းပြပြီး ဇိုမီးဒေသမှာ လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက် ကျောင်းသူ/ကျောင်းသားတွေရဲ့ ပညာဆည်းပူးမှုကို ဟန့်တားပိတ်ပင်ပြီး တီးတိန်ခရိုင်၊ တွန်းဇံမြို့ကို လာရောက်ဖျက်ဆီးဖို့ကြိုးပမ်းနေတဲ့ တွန်းဇံ PDF လက်နက်ကိုင်တချို့စခန်းကို ZRA(အရှေ့ပိုင်းတိုင်း)က ဩဂုတ် ၃၁ ရက်မှာ တိုက်ထုတ်ခဲ့တယ်လို့ Zomi Revolutionary Army ထုတ်ပြန်ချက်နဲ့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

တွန်းဇံ PDF နဲ့ အဲဒီ့လက်နက်ကိုင်တချို့က Chin National Front(CNF) လက်နက်ကိုင်အဖွဲ့ ကွပ်ကဲစေခိုင်းမှုနဲ့ တွန်းဇံမြို့ကို ဖျက်ဆီးဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြတယ် ကြားသိရတဲ့အပြင် ZRA(အရှေ့ပိုင်းတိုင်း)ရဲ့ တပ်သားတွေကို တိုက်ခိုက်ဖို့လည်း ထပ်ခါတလဲ ခြိမ်းခြောက်လာနေတာကြောင့် လက်ဦးမှုယူတိုက်ထုတ်ရတဲ့(Pre-emptive Attack) ဆင်နွှဲရတာလို့လည်း ZRA က ဆိုပါတယ်။

ချင်း PDF တွေဖြစ်တဲ့ တွန်းဇံ PDF စခန်းကို စီးနင်းသိမ်းဆည်းအပြီး ZRA ရဲ့ ထုတ်ပြန်ချက်မှာလည်း
ဇိုမီးပြည်လုံခြုံရေးကဏ္ဍတာဝန်ကို ထမ်းဆောင် နေကြတဲ့ ZRA(အရှေ့ပိုင်းတိုင်း) ခွင့်ပြုချက်မရဘဲ လာရောက်အခြေချတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဇိုမီးဒေသအတွင်းက ထွက်ခွာသွားကြဖို့လည်း ထပ်မံသတိပေးထားပါတယ်။

ဒါအပြင် ZRA(အရှေ့ပိုင်းတိုင်း)ဟာ ဇိုမီးဒေသက အပြစ်မဲ့ပြည်သူတွေ အကျိုးစီးပွားကို ရှေးရှုပြီး ဆေးရုံ၊ ဆေးခန်းတွေ စာသင်ကျောင်းအဆောက်အအုံတွေကို ဘယ်သူမှ မဖျက်ဆီးဖို့ ထပ်မံတိုက်တွန်းခဲ့ပါသေးတယ်။