Dim Sum ကိုယ်တိုင်ပေါင်းစားမယ်

နူးညံ့မွှေးပျံ့ပြီး အရသာရှိလှတဲ့ ဒင်းဆမ်းလေးတွေရဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါရစေ။ ဒီတစ်ခေါက်မှာတော့ ဒင်းဆမ်းတွေထဲ လူကြိုက်များလှတဲ့ ပုစွန်ဒင်းဆမ်းဖက်ထုပ် လုပ်နည်းလေးကို ကူးယူ မျှဝေပေးထားပါတယ်ရှင်။ ပါဝင်ပစ္စည်းများကတော့…အလယ်အလတ်အရွယ်ပုစွန် အကောင် ၂၀၊ ငရုတ် ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဟင်းရွက်ဆီ ထမင်းစားဇွန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ခရုဆီ လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ၊ ချင်း လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ (ထောင်းထားပါ)၊ ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်၊ Shiitake မှို အပွင့်လတ် ၂ ပွင့် (၁၀မိနစ်ခန့်ရေစိမ်၊ ရေဆေးပြီး နုတ်နုတ်စင်းထားပါ)၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အသင့် လုပ်ပြီး ဒင်းဆမ်းရွက်ထုပ် ၁ ထုပ်တို့ပဲ ဖြစ်ပါတယ်။ ချက်ပြုတ်ပြင်ဆင်ပုံကတော့…ပုစွန် ၁၀ ကောင်၊ ဆား၊ငရုတ်ကောင်းတို့ကို ရောနယ်ပေးပါ။ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီခန့်ထားပေးပါ။ ကျန်တဲ့ ပုစွန် ၁၀ ကောင်ကိုတော့ နုတ်နုတ်စင်းပါ။ တူနဲ့ စေးစေးလေး ဖြစ်လာအောင် မွှေပါမယ်။ ဘယ်ဆို ဘယ်၊ ညာဆို ညာ ဦးတည်ချက် တစ်ဖက်တည်းသုံးပြီး မွှေဖို့လိုပါတယ်နော်။ စင်းပြီးမွှေထားတဲ့ပုစွန်ထဲကို နှမ်းဆီ၊ မှို ၊ ခရုဆီ၊ ချင်း၊ သကြား၊ ခနောကြက်သားမှုန့်၊ ဟင်းသီးဟင်းရွက်ဆီတို့ထည့်ကာ သမအောင် နယ်ထားပေးပါ။ ဒင်းဆမ်းရွက်ထဲကို အစာ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပုစွန် ၁ ကောင်ထည့်ပါ။ ဒင်ဆမ်းရွက် အနားလေးတွေကို တွန့်တွန့်လေးခေါက်သွားပြီး နောက်ဆုံးပူးပြီးပိတ်လိုက်ပါ။ ဒင်းဆမ်းဗန်းပေါ်ကို မုန့် မကပ်စေဖို့ ဘရပ်ရှ်အသုံးပြုကာ ဆီပါးပါးသုတ်ပါ။ မုန့်တွေကိုဆံ့သလောက်စီထည့်ပြီး မီးပြင်းပြင်း၊ ရေဆူ ဆူမှာ ၆ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။ ခုဆိုရင်တော့ လတ်ဆတ်သန့်ရှင်းပြီး အရသာရှိလှတဲ့ ပုစွန်ဒင်းဆန်း ဖက်ထုပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီရှင်…