ယူရီးယားဓာတ်မြေသြဇာများကို တောင်သူလယ်သမားများ လက်ဝယ်သို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိ

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေး ကဏ္ဍအတွက်အရေးပါသည့် ယူရီးယားဓာတ်မြေသြဇာများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ ထုတ်လုပ်ရရှိသော ယူရီးယား ဓာတ်မြေသြဇာများ၏ အရည်အသွေးပြည့်မီစေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက ပြောကြားသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ်ရှိ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)၏ ကုန်ထုတ်လုပ်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက စက်ရုံကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များနှင့် လုပ်ငန်းသုံးစက်ပစ္စည်းများ၏ ကြံ့ခိုင်ရေးကို အမြဲမပြတ် ပြင်ဆင်ထိန်းသိမ်းကြရန်လိုကြောင်း၊ ဓာတ်မြေသြဇာ အိတ်သွတ်ထုပ်ပိုးခြင်းကိုလည်း အလေးချိန်နှင့် အခြင်အတွယ်ပြည့်မီစေရေး ဂရုပြု ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စက်ရုံလုံခြုံရေး တို့အတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုကြောင်းနှင့် စက်ရုံရေရှည်တည်တံ့ပြီး ကုန်ထုတ်လုပ်မှုများ အပြည့်အဝ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ဝိုင်းဝန်းကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားခဲ့ပြီး စက်ရုံအတွင်းလှည့်လည်၍ ယူရီးယား ဓာတ်မြေသြဇာများ ထုတ်လုပ်နေမှုနှင့် အိတ်သွတ်ထုပ်ပိုးနေမှု၊ ဓာတ်ခွဲခန်း၊ ပင်မထိန်းချုပ်ခန်း၊ တစ်သျှူးငှက်ပျောစိုက်ခင်း၊ တစ်သျှူးငှက်ပျော ထပ်မံတိုးချဲ့စိုက်ပျိုးမည့် မြေနေရာ၊ ဝန်ထမ်းနှင့်မိသားစု ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားလေ့ကျင့်ရန် နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံဓမ္မာရုံ၌ ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ယူရီးယားဓာတ်မြေသြဇာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ကုန်းတွင်းလုပ်ကွက်များမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၄)ဓာတ်မြေသြဇာ စက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅) ဓာတ်မြေသြဇာ စက်ရုံ(ကန်ကြီးထောင့်)တို့ကို လည်ပတ်၍ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာတန် ၃၀၀ ခန့်စီ ထုတ်လုပ်ပေးလျက်ရှိသည်။ ထုတ်လုပ်ရရှိသည့် ယူရီးယား ဓာတ်မြေသြဇာများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှတစ်ဆင့် တောင်သူလယ်သမားများ လက်ဝယ်သို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။