“ဆရာ” စာအုပ်​လေး

ဆရာခွန်သက်တင်ဆန်း

တပ်မတော်ထဲက တကယ်ကပ်စေးနှဲတွေအကြောင်း😍😍😍

ဦးကပ်​စေးတဲ့လား

(၃)

   ဦးကပ်​စေးဆို​သော အမည်​ပြောင်ကို သူပြန်ကြားသည်။ မတုန်လှုပ်ပါ။ ဖြုန်းတီးတာနှင့် သုံးစွဲတာကို နားမလည်ကျသူများဟု သူခံယူထားသည်။

   တဖြည်းဖြည်းနှင့် သူ့လက်​ဖြောင့်တပ်စိတ်ဆီကပါ ဦးကပ်​စေးဆိုသော ​ဝေါဟာရကို ကြားလာရချိန်မှာ​တော့ သူသည်းမခံနိုင်​တော့။ အလုပ်လုပ်ရာတွင် စနစ်ကြီးလွန်းပြီး အပိုကုန်ကျမှု မရှိရ​အောင် စီစစ်ခြင်းကိုပင် ဦးကပ်​စေးလို့ ​ခေါ်​လေသလား​ပေါ့။

   တပ်ရင်းမှူး၏ အိမ်ဝင်းအတွင်းမှာပင် လက်​ဖြောင့်စစ်သည်အ​ဆောင် ​ဆောက်လုပ်ပြီး လက်​​ဖြောင့်စစ်သည် ၁၀ဦး​ နေကြသည်။ တပ်ရင်းမှူးက လူပျိုကြီးဖြစ်သလို လက်​ဖြောင့်တပ်ကြပ်ကြီးကအစ စစ်သည်အဆုံး ၁၀​ယောက်လုံးမှာ အိမ်​ထောင်မရှိ လူပျိုများ ဖြစ်ကြသည်။

   လက်​ဖြောင့်အဖွဲ့ ​ပြောလည်း​ပြောစရာ​ပေ။ ည​နေ​စောင်းလို့ ယမကာ မှီဝဲရန် စီစဥ် ရသည်မှာပင် အာမီရမ်၂ပက် ​မြေပဲဆံ ၁၅​စေ့သာ စီစဥ်​ပေးရသည်။ အကူရဲ​ဘော် တပ်သား​ကျော်​အေး​မောင်က ​မြေပဲဆံကို တစ်​စေ့စီ ​ရေတွက်ပြရသည်။ ပိုခြင်း လိုခြင်းဖြစ်ပါက စိတ်အလိုမကျ​တော့။

   စိတ်လိုလက်ရ ရှိ​သော​နေ့များမှာ တပည့်များ လာကန်​တော့ထားသော သိမ်းထားတာ မှိုတက်​တော့မည့် ဝက်အူ​ချောင်း လက်နှစ်ဆစ်ခန့် ဆီပူထိုး ခိုင်းသည်။ သူ​ပေးလူ​ပေး ထိုးမုန့် လမုန့် ကိတ်မုန့်များ အသိမ်းလွန်ပြီး ဒိတ်လွန်​တော့မည်ဆိုလျင် ​စေတနာအပြည့်နှင့် လက်​ဖြောင့်ကို ချ​​ကျွေး​တော့သည်။ ဒါ​ကြောင့်လည်း ကွယ်ရာမှာ ဦးကပ်​စေးလို့ ​ခေါ်ကြခြင်း ဖြစ်သည်။
   ရာသီဥတု သာယာ​သောတစ်​နေ့။

   ရုံးပိတ်ရက်ဆို​သော်လည်း ဝင်စာများဖတ်ပြီး ပြန်တမ်းများပို့ရန် တပ်ထောက်ရုံးသို့ ကျွန်​တော်​ရောက်​နေသည်။ ​နေ့လယ်ထမင်းစားချိန် ​ရောက်ခါနီး အိမ်ပြန်​တော့မည်ဟု ပြင်ဆင်​နေချိန် ဆရာ့တပည့် ​ကျော်​အေး​မောင် ကသုတ်ကရက်နှင့် ​ရောက်လာသည်။

   " ဗိုလ်ကြီး... တပ်ရင်းမှူး​ခေါ်ပါတယ်၊ မြို့ထဲသွားစရာရှိလို့ ​မော်​တော် ယာဥ်ကကား​လေးတစ်စီး ယူခဲ့ပါတဲ့..တပ်​ရေးဗိုလ်ကြီးကိုပါ​ခေါ်ခဲ့ပါတဲ့"

   " ​အေး..​အေး"

   ဘာများအ​ရေးကြီးလို့ပါလိမ့်။ ​တော်ရုံကိစ္စနှင့် ကားသုံးတာ ဆရာမကြိုက်။ ဆီကုန်သလို ကားလည်းနာသည်တဲ့။ သူ့မာစတာဂျစ် ကားပေါ်မှာတောင် ဆိုဖာ​တွေ ပြဲမှာစိုးလို့ဆိုပြီး အီကွင့်မင့်နှင့် မစီးခိုင်း​သောသူ။ ခုတော့ ကားပါယူခိုင်း​နေသည်ဆို​တော့ အ​ရေးကြီး​သော ကိစ္စတစ်ခု​ပေါ်ပြီထင်ပါ သည်။ တပ်​ရေးဗိုလ်ကြီး ကို​အောင်မျိုးမြင့်ကိုပါ​ခေါ်ပြီး T2000 နှင့်အတူ ဆရာ့ထံ​ရောက်လာကြသည်။

   ​ရောက်ရှိ​ကြောင်း သတင်းပို့ပြီး​နောက်..

   " မြို့ထဲကိုသွားမယ်.. လက်​ဖြောင့်တစ်စိတ်လုံး ကား​ပေါ်တက်ကြ၊ ​သေနတ်​တွေ​တော့မယူလာခဲ့နဲ့၊ စစ်သည်​တွေ ယူနီ​ဖောင်း ​သေ​သေချာချာ ဝတ်ခိုင်း၊ တပ်​ရေးနဲ့တပ်​ထောက်က​တော့ မာစတာဂျစ်နဲ့လိုက်ခဲ့"

   " ကျွန်​တော်​ရော လိုက်ရမလား"

   ​ကျော်​အေး​မောင်က​မေးသည်။

   " လူ​လေးက​​တော့ အိမ်​စောင့်​နေခဲ့"

   " ဟုတ်"

   လက်​ဖြောင့်စစ်သည်များ ပြင်ဆင်ကြသည်။ ၁၀မိနစ်​လောက်အတွင်း အသင့်ဖြစ်ကြသည်။ကား​ပေါ်မှာ​ နေရာယူပြီးချိန် သတင်းပို့လိုက်ရာ ကားနှစ်စီးသည် တပ်ရင်းမှူးအိမ်မှ မြို့ထဲသို့ စတင်ထွက်ခွာကြ​လေသည်။

×××××

   " စိန်စိန်ဆိုင်ကို​မောင်း"

   ​ရှေ့က​မောင်း​နေ​သော မာစတာဂျစ် ကားဒရိုင်ဘာကို ဆရာကလှမ်း ​ပြောလိုက်သည်။ စိန်စိန်ဟု အမည်ရ​သောဆိုင်မှာ ​ခေါက်ဆွဲဆိုင်ဖြစ်သည်။ ဗန်း​မော်မြို့တွင် လက်ရာ​ကောင်း သည်ဟု နာမည်ကြီး​သော တရုတ်စား​သောက်ဆိုင်လည်းဖြစ်သည်။ စား​သောက်ပွဲ အခန်းအနားများကိုလည်း မကြာခဏပြုလုပ် စား​သောက်ကြ​သော ဆိုင်လည်းဖြစ်သည်။

   ဘာ​ကြောင့်စိန်စိန်ဆိုင်သို့ သွား​နေရသည်ကို ဆရာကလွဲပြီး ဘယ်သူမှမသိ။

   " တပ်​ထောက်ဗိုလ်ကြီး​ရေ... လက်​ဖြောင့်​တွေကို ကား​ပေါ်ကဆင်းခိုင်း လိုက်၊ ပြီးရင်.. သူတို့ဘာစားချင်လဲ ​မေးပြီး မှာ​ပေးလိုက်ပါကွယ်"

   ဆရာဦး​ဆောင်ပြီး ဆိုင်ထဲဝင်သွားချိန် လက်​ဖြောင့်စစ်သည်များမှာ လည်း ဘုမသိ ဘမသိ နားမလည်​သော အကြည့်များနှင့် ​နောက်ကလိုက် ဝင်လာကြသည်။ ကျွန်​တော်တို့ ပင်လျင် " ဆရာ့​မွေး​နေ့ဖြစ်ပြီး သူ့တပည့်​တွေကို လာ​ကျွေးတာများလား" ဟု ထင်မိ​လေသည်။

   " ဘာမှာကြမလဲ...​ပြော"

   လက်​ဖြောင့်များလည်း မဝံ့မရဲဖြင့် ​ခေါက်ဆွဲ​ကြော်၊ ထမင်း​ကြော်၊ ထမင်း​ပေါင်းများကို မှာကြသည်။ ဆိုင်ရှင်အား...

   " ​ခေါက်ဆွဲ​ကြော်​လေးပွဲ၊ ထမင်း​ကြော် ​လေးပွဲ၊ ထမင်း​ပေါင်းနှစ်ပွဲ လုပ်​ပေးပါ" ဟု လှမ်း​ပြောလိုက်သည်။


ကျွန်​တော်တို့ အရာရှိနှစ်​ယောက်နှင့် ကားသမားနှစ်​ယောက် အတွက် လည်းမမှာ၊ သူအတွက်လည်း မမှာခိုင်းသည့်အတွက် စိတ်ထဲမှာ​တော့ သရိုးသရီဖြစ်မိ​နေသည်။

   အနည်းငယ် ​စောင့်ဆိုင်းပြီး​နောက် မှာထား​သော ​ခေါက်ဆွဲ​ကြော်၊ ထမင်း​ကြော်၊ ထမင်း​ပေါင်း ၁၀ပွဲ လက်​ဖြောင့်များ​ရှေ့ ​ရောက်လာသည်။ အချိန်မှာလည်း ​နေ့လယ် ထမင်းစားချိန် ​ရောက်​နေပြီဆို​တော့ ဗိုက်ထဲက ပင် တဂွီဂွီမြည်​နေကြပြီ။

   " ကဲ...စားကွ...စားကွ"

   ခွင့်ပြုချက်ရသည်နှင့် ​ခေါင်မ​ဖော်နိုင်​အောင် စားကြပါ​တော့သည်။ ၁၀မိနစ်​လောက်ကြာ​တော့...

   " မဝ​သေးတဲ့သူရှိရင် ထပ်မှာပါ​စေကွယ်"

   ဆရာ့စကား မဆုံး​သေးခင်မှာပင် စစ်သည်၅ဦးက ​ခေါက်ဆွဲ​ကြော် ထမင်း​ကြော်များ တစ်ပွဲစီ ထပ်မှာကြသည်။

   အားလုံးစားပြီးသည့်​နောက်

   " တပည့်တို့... ဝကြရဲ့လား၊ ပြည့်စုံကြရဲ့လားကွဲ့"

   " ဝပါပြီ ခင်ဗျ"

   " သွားကြားထိုးတံ​လေး​တွေ ​ပေးလိုက်ပါဦး၊ ကဲ...ဒါဆိုလဲ သွားကြမယ်၊ တပ်​ရေး ဗိုလ်ကြီးက ကျသင့်​ငွေ ရှင်း​ပေးလိုက်ပါဦးကွယ်"

   စိန်စိန်​ခေါက်ဆွဲဆိုင်တွင် ​ငွေရှင်းပြီး​နောက် လက်​ဖြောင့်များလည်း သွားကြား​လေး​တွေထိုးပြီး ကား​ပေါ်တက်ထိုင်လိုက်ကြသည်။

   " စုံပြီဆိုရင် နိုင်လွန်အ​အေးဆိုင်ကို​မောင်း"

×××××

   နိုင်လွန်အ​အေးဆိုင်။

   မန္တ​လေးဆိုင်ခွဲဖြစ်သည်။ ဖာလူဒါ၊ နို့မလိုင်၊ ​ရေခဲသုတ် အ​အေးမျိုးစုံ ရ၏။ ရုပ်ရှင်ရုံ အနီးမှာရှိပြီး မြို့ထဲတွင် အ​ကောင်းဆုံး အ​အေးဆိုင်လည်း ဖြစ်၏။ သိပ်မ​မောင်းလိုက်ရပါ။

   " ကဲ... အားလုံးဆင်းကြ၊ တပည့်တို့ ဘာ​သောက်ကြမလဲ.. တပ်​ထောက် ဗိုလ်ကြီးက​မေးပြီး မှာ​ပေးလိုက်ပါဦးကွယ်"

   ဒီတစ်ခါလည်း စစ်သည်များ နားမလည်သည့် မျက်နှာ​ပေးများနှင့် ဆရာ့ကို ကြည့်​နေကြသည်။ ဒါ​ပေမဲ့ စိန်စိန်ဆိုင်မှာ​လောက်​တော့မဆိုး။

   " ဖာလူဒါ​သောက်မယ်"

   တပ်​ထောက်ဗိုလ်ကြီးက လှမ်းမှာ​ပေးလိုက်သည်။

   " ဖာလူဒါ ၁၀ခွက်"

   လက်​ဖြောင့်စစ်သည်အားလုံး ဒီ​နေ့​တော့ ဗိုက်​ခွေးနမ်း​ချေပြီ။ ​စောစော ကပဲ ​ခေါက်ဆွဲ​ကြော်​တွေ ထမင်း​ကြော်​တွေ စားထား​သေးသည်။ ခုလည်း ဖာလူဒါ ​သောက်ရဦးမည်။ အားရပါးရ​သောက်​နေကြပုံများ စားပိုးနင့်မှာ​တောင် စိုးရသည်။ အားလုံး​သောက်ပြီးချိန်မှာ​​တော့...

   " တပည့်တို့... ဝကြပြီလား.. ထပ်​သောက်ကြဦးမလား"

   လက်​ဖြောင့်တပ်ကြပ်ကြီးက

   " ဝပါပြီခင်ဗျ.. အချို​တွေစားလို့ ခံတွင်း​တော့ ချဥ်လာပါတယ်"

   " ​အေး...​အေး..တပ်​ထောက်ဗိုလ်ကြီး​ရေ...စီးကရက် တစ်လိပ်စီ ​ပေးလိုက်ပါဦးကွယ်"

   လို​လေ​သေးမရှိ​အောင်ကို ဖြည်ဆည်း​နေပါ​ပေါ့လား။

   " တပ်ရင်းမှူးကြီး...ဒီ့ထက် ​ကျွေးနိုင်​မွေးနိုင်ပါ​စေ"

   ဒူးယားစီးကရက်​လေး​​တွေ ကိုယ်စီနှင့် အားလုံး​ပျော်ရွှင်​နေကြ၏။ မီးခိုး​​​တွေ တ​ထောင်း​ထောင်းထ​အောင်ပင် ဖွာရှိုက်​နေကြ​တော့သည်။

×××××

   နိုင်လွန်အ​အေးဆိုင် ​ရှေ့တွင်ဖြစ်သည်။

   " တပ်​ရေးဗိုလ်ကြီး​ရေ... အ​အေးဖိုး ရှင်း​ပေးပြီးရင် လက်​ဖြောင့် စစ်သည် အားလုံး ဒီကို​ခေါ်ခဲ့ပါဦး"

   လက်​ဖြောင့်၁၀​ယောက်လုံး ​ရောက်လာကြသည်။

   " ကဲ...ငါ့တပည့်များ ဘာလို​သေးလဲ၊ အဆင်​ပြေကြရဲ့လား"

   " ပြည့်စုံပါပြီခင်ဗျ"

   " စားလို့​သောက်လို့​ရော ​ကောင်းကြရဲ့လား​ဟေ့"

   " တအား​ကောင်းပါတယ်ခင်ဗျ"

   " ခု..မင်းတို့ကို ​ခေါက်ဆွဲ​ကြော်​တွေ ဖာလူဒါ​တွေ စီးကရက်​တွေ ဘယ်သူ​ကျွေး​နေတာလဲ"

   " တပ်ရင်းမှူးကြီးပါ"

   ဆရာက စကားကို ​ပြော​နေရာမှ ခဏရပ်ကာ တစ်​ယောက်ချင်း မျက်နှာ ကိုကြည့်ပြီး

   " ဒါဆို.. တပ်ရင်းမှူးကြီးက ဦးကပ်​စေးဆိုတာ ဟုတ်သလား​ဟေ့"

   " မဟုတ်ပါဘူးခင်ဗျာ"

   " ထပ်​မေးဦးမယ်...တပ်ရင်းမှူးက ဦးကပ်​စေးလား"

   " မဟုတ်ပါဘူး ခင်ဗျ"

   " ​နောက်ကို ကွယ်ရာမှာ ဦးကပ်​စေးလို့​ရော ​ခေါ်ကြဦးမှာလား"

   " မ​ခေါ်​တော့ပါဘူး"

   " ကတိ​နော်"

   " ကတိပါ"

   " ​ကျေနပ်တယ်​နော်"

   " ​ကျေနပ်ပါတယ်"

   အ​မေးအ​ဖြေကဏ္ဍ ပြီးသွားတော့..

   " ကား​ပေါ်တက်ကြ​တော့.. ပြီးရင် တပ်​ရေးဗိုလ်ကြီးက သူတို့စားထား သ​လောက် စာရင်းမှတ်ထားပြီး လကုန်ရင် သူတို့လစာထဲက ပြန်ဖြတ်ထားလိုက်​ပေ​တော့.. စီးကရက် တစ်လိပ်ဖိုးပါ မကျန်​စေနဲ့"

   မှတ်ပြီလား။ ဦးကပ်​စေးလို့ ​ခေါ်ကြဦး​လေ။

×××××

ဆက်ရန်