ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ပြီးစီး၍ ဖြတ်သန်းသွားလာရန် ဖွင့်လှစ်

မြေအောက်လမ်းကူး လူသွား ဥမင် (Underpass) ကို ကမာရွတ်မြို့နယ်၊ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် တည်ဆောက်ထားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးလေ့ကျင့်ရေးကျောင်း ကမာရွတ် ((TTC)? Junction square Shopping Mall တို့ကို ဆက်သွယ်သွားလာနိုင်ကြောင်း သိရသည်။

မြေအောက်လမ်းကူး လူသွားဥမင်သည် ဈေးဆိုင်ခန်းများပါဝင်သည့် မြေအောက်လမ်း ကူးလူသွားဥမင်(Underpass) အမျိုးအစား ဖြစ်ပြီး အမြင့် ၁၁ ပေ၊ အကျယ် ၄၀ ပေ၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မရှိ ကြောင်း၊ ပင်မဥမင်စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် လေးခုပါဝင် ကာ တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့်ဖြတ် သန်း သွားလာနိုင်ကြောင်းသိရသည်။

မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အတွင်း ရွေ့လျားစက်လှေကား သုံးစင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား နှစ်စင်း ထည့်သွင်းတည်ဆောက်ထားပြီး ဈေးဆိုင် ခန်း စုစုပေါင်း ၁၈ ခန်း ပါဝင်တည်ဆောက် ထားကြောင်း၊ မီးဘေးအန္တရာယ်ကာကွယ် ရေး၊ အရေးပေါ်အခြေအနေ ကယ်ဆယ်ရေး၊ CCTVကင်မရာများတပ်ဆင်ထားကြောင်းသိရသည်။
Source- Eleven Media