ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

    ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက် ၁၀၃၀ နာရီတွင် သာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ စိစစ်ဆဲ ကျား ၄ ဦးသည် သေနတ်အတို ၁ လက် ကိုင်ဆောင်၍ Probox (အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ပါသည်။

အကြမ်းဖက်ဓားပြတိုက်လုယက်မှုများကို မလိုလားသည့် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့ ချက်များအရ ဓားပြတိုက်လုယက်ရာတွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူများသည် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာ ယင်းနေ့ ၁၄၀၀ နာရီတွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၄)လမ်း၊ အိမ်အမှတ်(၅၅၉)၌ တရားခံ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့အား ပွိုင့်-၃၈၀ ကျည် ၅၈ တောင့်၊ ၉ မမကျည် ၄၃ တောင့်၊ ပွိုင့်-၃၈၀ ကျည်အိမ် ၁ ခု၊ ရှို့ပစ်လက်လုပ်ဗုံး ၂ လုံး၊ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ရွှေဆွဲကြိုး ၂၅၆  ကုံး၊ ရွှေနားကပ် ၁၅၃ ရံ၊ ရွှေဆွဲသီး ၅၄ ခု၊ ရွှေဆံညှပ် ၁၅ ခု၊ ရွှေလက်ကောက် ၃၆၃ ကွင်း၊  ရွှေလက်စွပ် ၆၃၁ ကွင်း၊ ဟန်းချိန်း ၉၁ ခု၊ ငွေကျပ် ၃၀ သိန်းတို့နှင့်အတူ  ဖြစ်စဉ်ဖြစ်ပွားပြီး ၄ နာရီအတွင်း ပြန်လည်ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး ၏ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင်

-အင်းစိန်ပန်းခြံ၌  တရားခံ စကင်မရွန်းဇင် အားလည်းကောင်း၊

-အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ တရားခံ မင်းခန့်မောင် အားလည်းကောင်း

-လှည်းကူးမြို့နယ်၊ မေဃဝတီရပ်ကွက်၌ တရားခံ ကျော်မင်းဝေ(ခ)ဝေကြီး နှင့် ဇေယျာအေး(ခ)ဇေယျာ တို့အားလည်ကောင်း

– သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၅)လမ်း၊   တိုက်အမှတ်(၁၀၅)၌ တရားခံ နိုင်ဦး(ခ)စွန်ရဲအား Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀  ကျည် ၂၀ တောင့်နှင့်လည်းကောင်း

-ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြား(၃)လမ်း၊ အိမ်အမှတ်(၅/၇၆၈)၌ ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သော လက်နက်/ခဲယမ်း များအား သိမ်းဆည်းပေးသူ လင်းဦး အား လက်ပစ်ဗုံး ၃ လုံးနှင့်လည်းကောင်း

ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦးနှင့်အတူ Glock ပစ္စတို ၁  လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁  တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက်ပစ်ဗုံး ၂ လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၄,၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် ငွေကျပ် ၃၀ သိန်းတို့အား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ ခဲ့သည်။

       ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စကင်မရွန်းဇင် သည် ၂၀၂၁ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဖမ်းဆီးရန်ကျန်တရားခံ ကျော်လင်းညို ၏ ချိတ်ဆက်ပေးမှုဖြင့် လိုင်ဇာမြို့အနီးရှိ KIA စခန်းတွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ပြီး Anti-Dictatorship Revolution People’s Army- DRPA အမည်ခံ အကြမ်းဖက်အဖွဲ့အား အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်း၊  ငွေကြေးချမ်းသာသူများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ငွေကြေးရယူခြင်း၊ ဓားပြတိုက်ခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီး အကြမ်းဖက်အုပ်စု NUG မှ တရားခံပြေး ရည်မွန်၏စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ခေါင်းဆောင်၍ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး၊ မင်းခန့်မောင်၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ကိုထွန်း၊ ဇင်လင်းထွန်း(ခ) ဇင်ကြီး၊ ဂျက်ပလက်၊ အာကာ၊ ပင်လယ်၊ လရောင်၊ ကျော်ကြီး၊ သာကြီး၊ သူရိန် အပါအဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး ပြည်သူများအား ဒလန်အမည်တပ်သတ်ဖြတ်ခြင်း၊ သေနတ်ပြငွေတောင်းခံခြင်း၊ ဓားပြတိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရပါတယ်။

ပြစ်မှုကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးတို့အတွက် နေ့ညမပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။