♡ လွမ်းတတ်လွန်းသူကြီး ♡

●အဲ့ဒီ့လို လွမ်းတတ်လွန်းတဲ့ သူငယ်ချင်းတစ်ယောက်
ရှိခဲ့တယ်။ သူ့ကိုသတိရလို့●


စိတ်တို့၏သဘောသည် ဆန်းကြယ်ပေစွ။ ပစ္စုပ္ပန်တွင် ရှိနေအောင် မည်ကဲ့သို့ပင်ကျင့်ကျင့် အတိတ်နှင့်အနာဂတ်များဆီသို့သာ လွတ်ထွက်သွား နေကြသည်။ အတိတ်ကိုတွေးပြီး အမြဲလွမ်းနေတတ်သူ များလည်း ရှိကြပါသည်။ တိုက်ဆိုင်မှုများတွေ့ရင်လည်း ပြန်သတိရ လွမ်းတတ်ပြန် ပါသည်။

ဗိုလ်လောင်းများ မေမြို့မှခွင့်ရ၍ မိဘရပ်ထံသို့ပြန်ကြသည်။ တစ်နှစ်တာ မိသားစုနှင့် ခွဲခွာနေရပြီး မိခင်ချက်သည့် ထမင်းနှင့်ဟင်းကို စားလိုကြသည့် မှာလည်း ဆန္ဒတစ်ခုပင်ဖြစ်ကြသည်။ မိဘ ညီအစ်ကိုမောင်နှစ်မများနှင့် ပြောစရာစကားများ အပြည့်ရှိနေသည်။

သင်တန်းအတွေ့အကြုံများကို ပြောပြရာတွင် မိဘများက ပြုံးရွှင်စွာ နားထောင်ပေးသည်။ ညီငယ်များက အားကျ စွာနားထောင်ကြသည်။ အိမ်သို့ရောက်ပြီး သုံးရက်ကြာလာသောအခါ ကျောင်းနေဖက်သူငယ်ချင်း များကိုလည်း တွေ့ချင်သေးသည်။ သူတို့ဘာတွေများ လုပ်နေကြလဲ။

“မေမေ.. သား.. စိုးဟန်တို့အိမ် ခဏသွားလည်ချင်လို့၊ စိုးဟန်နဲ့လည်း စကားပြောချင်တယ်”

“အေးအေး.. သားသွားရင် မိုးမချုပ်စေနဲ့နော်”

“ဟုတ်ကဲ့ မေမေ”

စိုးဟန်နှင့်ကျွန်တော်မှာ ဆယ်တန်းအတူတူဖြေကြသည့် ငယ်သူငယ်ချင်း များဖြစ်သည်။ ကျွန်တော်မှ ဆယ်တန်းအောင်မြင်သွားပြီး ဗိုလ်သင်တန်း တက်ရောက်ခဲ့သော်လည်း စိုးဟန်မှာ စာမေးပွဲကျ၍ နောက်နှစ်ပြန်ဖြေရန် ကြိုးစားနေသည်။

စိုးဟန်မှာလည်း စစ်ဗိုလ် ဖြစ်ချင်ပြီး ဗိုလ်သင်တန်းတက်လိုမှုမှာ ကျွန်တော့်ထက်ပင် ပြင်းထန်ပါသေးသည်။ အသက် မှီသေးသည့် အတွက် ယခုနှစ် ဆယ်တန်းအောင်ပါက ဗိုလ်သင်တန်းတက်နိုင်ရန် အားပေးရင်း အတွေ့ အကြုံများ ပြောရပေဦးမည်။ စိုးဟန်တို့ အိမ်ရှေ့ရောက်သော် စိုးဟန်၏
မိခင်ကိုသာ တွေ့လိုက်ရသည်။

“ဟယ်… မောင်ကျော် ဘယ်တုန်းကရောက်လဲ… လာ အိမ်ထဲဝင်”

“သုံးရက်လောက်ရှိပြီ ခင်ဗျ”

“မောင်ကျော်… မင်း အသားတွေမဲလာတယ်နော်… ငါ့သားစိုးဟန်လည်း အသားတွေ မဲလာတယ်ဟယ်….”

“ဪ.. ဟုတ်ကဲ့.. လေ့ကျင့်ခန်းတွေလုပ်ရလို့ပါ”

အန်တီကြီးမှ အဝေးသို့ လှမ်းကြည့်ပြီး ရီဝေသောမျက်လုံး များနှင့် ..

“အေးဟယ်.. နင့်ကိုတွေ့လိုက်ရတော့ ငါ့သား စိုးဟန်ကိုပိုပြီး လွမ်းမိတယ်ဟယ်.. သားကြီးလည်း ပင်ပန်းရှာတယ်ကွယ့်”

စိုးဟန်တစ်ယောက်ခရီးထွက်သွားပြီထင်သည်။ မိခင်တိုင်းမှာ သားသမီးတိုင်းကို စိုးရိမ်သတိရနေတာကတော့ မဆန်းလှပါ။

“နင့်သူငယ်ချင်း စိုးဟန်လည်း ဒီနှစ်တော့ စာတအားကြိုး စားတယ်.. ဆယ်တန်းအောင်မယ်ထင်တယ်… သူက စစ်ဗိုလ်သိပ် ဖြစ်ချင်တာ မဟုတ်လား.. နင့်ကိုတွေ့ရင် သူ သိပ်ပျော်မှာ.. အင်း.. ပြောရင်းနဲ့တောင် သားကြီး မောင်စိုးဟန်ကို လွမ်းလိုက်တာကွယ်”

ခရီးသွားနေတာ တော်တော်ကြာပြီထင်ပ။ မိခင်များမှာတော့ သတိရတတ်လွန်းကြသည်။

“မေမြို့က အေးလားဟဲ့”

“အေးတယ်အန်တီ.. ဒါပေမဲ့ လေ့ကျင့်ခန်းတွေ လုပ်တော့ လည်း အေးမှန်းတောင် သတိမထားမိတော့ဘူး”

“မောင်စိုးဟန်က အေးတဲ့ရာသီဥတုကို သိပ်ကြိုက်တာ.. သူလည်း မေမြို့ အအေးဒဏ်ကိုခံနိုင်မှာပါကွယ်။ ပြောရင်းဆိုရင်း ထပ်ပြီးတော့ သားကြီးကို လွမ်းလာပြန်ပြီကွယ်”

စိုးဟန် မိခင် အန်တီဒေါ်လွမ်းပိုကြီးမှာ စကားတစ်ခွန်း ပြောလိုက် သူ၏သား မောင်စိုးဟန်ကို လွမ်းလိုက်နှင့် ဟန်ချက်ကိုညီနေပေတော့သည်။
စိုးဟန်ကို တွေ့လို၍လာသော်လည်း မတွေ့ရတော့ဘူး ထင်ပါသည်။ ဘယ်ကိုများ ခရီးလွန်နေပါလိမ့်။ သိလိုသည်များ ရှိလာသဖြင့်…

“ကျွန်တော်လည်း စိုးဟန် နဲ့စကားပြောချင်လို့လာခဲ့တာ.. ခုတော့ မတွေ့ရတော့ဘူး.. ဒါနဲ့ စိုးဟန် ဘယ်သွားပါလဲခင်ဗျ”

အန်တီကြီးက အလွမ်းတွေဝေနေသော မျက်နှာကြီးနှင့်…

“ရှိပါတယ်.. ဘယ်မှမသွားပါဘူး. အိမ်နောက်ဖေးမှာ ဝက်စာကျွေးနေ တယ်လေ”

“ဟွမ်… အင်”

နောက်ဖေးတွင် ဝက်စာကျွေးနေသောသားကို အိမ်ရှေ့တွင် ထိုင်ပြီး တစ်ချိန်လုံးလွမ်းနေသော လွမ်းတတ်လွန်းသူကြီး အန်တီ ဒေါ်လွမ်းပိုကို ကြည့်ပြီး

“ကျွန်တော် နောက်ဖေးဘက်သွားပြီး စိုးဟန်ကိုသွားတွေ့ လိုက်ပါဦးမယ်.. အန်တီလည်း ဆက်လွမ်းထားလိုက်ပါဦးနော်”

“အေးကွယ် အန်တီလည်း အရှိန်လေးရနေတုန်း.. အားရပါးရ ဆက်လွမ်းလိုက်ဦးမယ်ကွယ်” ။

အိမ်နောက်ဖေးတွင် ရှိနေသောသားကို အိမ်ရှေ့မှ လွမ်းနေတတ်သော မိခင်မျိုးလည်းရှိခဲ့ဖူးကြောင်း မှတ်သားမိပါတော့သည်။

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

ခွန်သက်တင်ဆန်း