၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၈ ကီလိုနှင့် ကက်တမင်း ၅၀ ကီလို ဖမ်းဆီးရမိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်တွင် တင့်ဇော် မောင်းနှင်ပြီး မိုးနိုင်စိုး(ခ)ရွှေသီးနှင့် မနဝရတ်ထွန်းတို့ လိုက်ပါလာသည့် Ford Everest မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃၈ ကီလိုဖမ်းဆီးရမိခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်း၏ နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အားလည်းကောင်း၊ တင့်ဇော် ငှားရမ်းထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ ခြံဝင်းအတွင်းရှိ Toyota Alphard ယာဉ်နှင့် Container Box အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ ကက်တမင်း ၅၀ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀ ကီလိုအားလည်းကောင်း ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၅၂ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂၀၄ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၈ ဒသမ ၀၁၅ ကီလိုနှင့် ကက်တမင်း ကီလို ၅၀ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။