ဩစတြေးလျမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်မှာ စနေနေ့ (မတ်လ ၁၁ ရက်) က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေထိုင်သူများကို ကုန်မြင့်များသို့ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ တယ်လို့ သိရပါတယ်။

ပြည်နယ်မြို့တော် ဘရစ္စဘိန်း အနောက်မြောက်ဘက် ၂၁၁၅ ကီလိုမီတာခန့်အကွာရှိ သီးခြား ပင်လယ်ကွေ့နိုင်ငံ မြို့ဖြစ်တဲ့ ဘက်ခ်တောင်းမှ နေထိုင်သူ ငါးဆယ့်သုံးဦးကို ယခုသီတင်းပတ်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ ပြီး ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၁၁ ရက်၊ စနေနေ့မှာ ပြောကြားခဲ့ပါ တယ်။

အဲလ်ဘတ်မြစ်ရေမှာ ရေကြီးရေလျှံမှုများဖြစ်ပွားနေခြင်းကြောင့် မြို့တဝိုက်ရှိ ကျယ်ပြန့်တဲ့ မြေဧရိယာများကို ရေကန်များအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း ဝေဟင်ဓာတ်ပုံများမှာ မြင်တွေ့ရပါတယ်။ မြို့ရဲ့နေရာ တစ်ဝက် လောက် ရေမြုပ်နေပြီဖြစ်ပြီး ကျန်နေထိုင်သူအားလုံးကိုလည်း နေအိမ်မှာ ထွက်ခွာတိန်းရှောင်ကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းဖို့မှာ အခြေခံဦးစားပေးဖြစ်ကြောင်း ကွင်းစ်လန်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပြီး မိလ္လာစနစ်များ ပျက်စီးသွားခြင်းကြောင့် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများလည်းဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဩစတြေးလျဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း လာနီနာ ရာသီဥတုလည်ပတ်မှုကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ သို့ပေမယ့် လာနီနာ အဆုံးသတ် နီးလာပြီဖြစ်တာကြောင့် လာမယ့်လများမှာ ပိုမိုခြောက်သွေ့ပူနွေးလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီဥတုဖောက်ပြန်မှုဟာ သဘာဝဘေးအန္တရာယ်ကို ပိုမို တိုးမြင့်လာစေတယ်လို့ သြစတြေးလျ သုတေသီများက ထပ်ခါတလဲလဲ သတိပေးထားပါတယ်။