ဩဂုတ်လ ၁၄ ရက်နေ့ မှုခင်းသတင်းများ

-ဩဂုတ်လ ၁၃ ရက်နေ့ ၂၁၄၅ နာရီချိန်တွင် ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သော ရာအိမ်မှူး ဦးဆန်းညွန့်(၅၃) နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သမား ၂ ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးဆန်းညွန့်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ဝဲပေါင်ကျည်ရှပ်မှန်ဒဏ်ရာရရှိခဲ့သဖြင့် အင်တောဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရ။

-ဩဂုတ်လ ၁၃ ရက်နေ့ ၂၂၃၀ နာရီချိန်တွင် ရပ်စောက်မြို့နယ်၊ တောင်ထိပ်ကျေးရွာ ရပ်စောက်-နောင်ချိုကားလမ်းဘေးတွင် တောင်ထိပ်ကျေးရွာတွင် နေထိုင်သော ဦးဌေးလှိုင်စိုး(၂၅) နှစ်အား အကြမ်းဖက်သမားများမှ ပစ်ခတ်သတ်ဖြတ်ပြီး လမ်းဘေးတွင် ပစ်ထားခဲ့ကြောင်း သိရှိရ

-ဩဂုတ်လ ၁၃ ရက်နေ့ ၁၈၀၀ နာရီချိန်တွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ငါး(ရွာသစ်)တွင် နေထိုင်သော အောင်ကျော်မျိုး(၃၂) နှစ် နှင့် ဉာဏ်လင်းအောင်(၃၅) နှစ်တို့အား အကြမ်းဖက် PDF (၂၀) ဦးခန့်မှ သေနတ်များကိုင်ဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-ဩဂုတ်လ ၁၃ ရက်နေ့ ၀၉၄၅ နာရီချိန်တွင် ကန့်ဘလူမြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သောပြည်သူများ သတ်ဖြတ်ခံရကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးမြင့်ဆွ(၆၄) နှစ်တွင်လည်ပင်းပြတ်ရှဒဏ်ရာ၊ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး(၅၅) နှစ်တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်မာမာလင်း(၃၈) နှစ်တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ သားဖြစ်သူ ဦးစိုးမြင့်လွင်(၃၂) နှစ် လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာရင်အုံထိုးသွင်းဒဏ်ရာ၊ ဇနီးဖြစ်သူ ဒေါ်စိုးသီရီလှိုင်(၃၁) နှစ် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲယာကျောထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရပါတယ်။

-ဩဂုတ်လ ၁၃ ရက်နေ့ ၁၀၂၀ နာရီချိန်တွင် အင်းတော်မြို့နယ်၊ မဲဇာကျေးရွာအနီး ရထားသံလမ်းရှင်းလင်းနေသည့် လုံခြုံရေးအဖွဲ့များအား အကြမ်းဖက်သမားများမှ အဝေးမှ စိန်ပြောင်း/လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ရာ နန့်သဲကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၁၃ ရက်နေ့ ၁၁၃၀ နာရီချိန်တွင် ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာတောင်ဘက်အနီးတွင် ယာဉ်မောင်း ဦးဝင်းကျော်ဦး မောင်းနှင်လာသည့် ရွှေသစ္စာ ခရီးသည်တင်ယာဉ်အား PDF ၈ ဦးခန့်မှ သေနတ်များ ကိုင်ဆောင်ပြီး ယာဉ်အားတားဆီးခဲ့ရာ ယာဉ်ပေါ်ရှိ ဒေါ်ကေဇင်ထွန်း(၃၄) နှစ် CMM Bank King ကုမ္ပဏီဝန်ထမ်း၊ ဒေါ်ယဉ်ယဉ်လှ(၄၂) နှစ် နှင့် ဒေါ်ထားထားနွယ် (၃) ဦးတို့အား ဖမ်းဆီးကာ ပန်းတောင်ကျေးရွာဘက်သို့ ခေါ်ဆောင်၍ ခရီးသည်တင်ယာဉ်အား ဆက်လက်ထွက်ခွာစေခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၁၃ ရက်နေ့ ၁၈၄၅ နာရီချိန်တွင် ရေစကြိုမြို့၊ အမှတ်(၇) ရပ်ကွက် ရှိ ဦးမင်းမင်းလတ်(၄၇) နှစ်ပိုင်ဆိုင်သည့် ကံပွင် အမွှေးတိုင်လုပ်ငန်းစက်ရုံမှ ဒိုင်နာအဖြူရောင်ယာဉ်အား အကြမ်းဖက်သမားများမှ ယာဉ်မောင်းအား ကားပေါ်မှ ဆင်းခိုင်း၍ ကားအား ယူဆောင်သွားခဲ့ကြောင်း သိရှိရ။

ဩဂုတ်လ ၁၃ ရက်နေ့ ၀၀၃၀ နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်၊ ကျူတောဝကျေးရွာအနီး ပျော်ဘွယ်-ဘုရားငါးဆူသွားကားလမ်းဘေးရှိ အောင်သပြေစက်သုံးဆီအရောင်းဆိုင်ရှိ ဦးမျိုးအောင်(၄၆) နှစ်သည် မိသားစုနှင့် အတူအိပ်နေစဉ် အကြမ်းဖက်သမား (၂) ဦးရောက်ရှိလာပြီး ပစ်ခတ်ခဲ့သဖြင့် ဦးမျိုးအောင် ဝမ်းပိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ပျော်ဘွယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၁၃ ရက်နေ့ ၀၉၃၀ နာရီချိန်တွင် ကျောက်ပန်တောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သော ဦးသိန်းမြင့်(၅၄) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်လှညွှန့်တို့သည် ယာတောမှ အိမ်သို့ ပြန်လာစဉ် အကြမ်းဖက်သမား ၁ ဦးသည် ဆိုင်ကယ်ဖြင့် နွားလှည်းအား ကျော်တက်၍ ပြန်လှည့်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးသိန်းမြင့်၏ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာရ ရရှိခဲ့သဖြင့် လက်ပံ့ပြားတိုက်နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။

-ဩဂုတ်လ ၁၃ ရက်နေ့ ၁၈၂၀ နာရီချိန်တွင် တောင်ငူမြို့နယ်၊ ကျေးအင်းကျေးရွာတွင် နေထိုင်သော ဦးမောင်ဦး (၅၅) နှစ်သည် တစ်ရွာတည်းနေ အဒေါ်ဖြစ်သူ ဒေါ်ခင်မာဝင်း နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၄ ဦးရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးမောင်ဦးမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။