ဥရောပသမဂ္ဂက အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ်

အီရန်နိုင်ငံတွင် ဖြစ်ပွားနေ‌သော ဆန္ဒပြပွဲများအပေါ် ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂသည် ဇန်နဝါရီ(၂၃) ရက်တွင် အီရန်အရာရှိများနှင့် အဖွဲ့အစည်း(၃၇)ခုကျော်ကို ပိုင်ဆိုင်မှုများသိမ်းဆည်းပြီး ပြည်ဝင်ခွင့် ပိတ်ပင်မည့် အမည်ပျက်စာရင်းထဲသို့ ထည့်သွင်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ပိတ်ဆို့အရေးယူမှုများထဲတွင် ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့သော အီရန်နိုင်ငံ ဒေသ(၁၂)ခုရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အားကစားဝန်ကြီးတို့ကို အဓိကပစ်မှတ်ထားခဲ့ကြောင်း ဥရောပသမဂ္ဂ၏ တရားဝင် ဂျာနယ်က ပြောကြားခဲ့သည်။ အဆိုပါစာရင်းထဲတွင် ဥပဒေပြုအမတ်များ၊ နိုင်ငံပိုင်မီဒီယာ၏ အရာရှိများနှင့် စည်းမျဥ်းများ သတ်မှတ်ရေးဆိုင်ရာအကြီးအကဲများကိုလည်း ထည့်သွင်းခဲ့ကြောင်းသိရသည်။

ဥရောပသမဂ္ဂသည် ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အီရန် အရာရှိများနှင့် အဖွဲ့အစည်း(၆ဝ)ကျော်အပေါ် ပိတ်ဆို့အရေးယူမှုများကိုလည်း ယခင်က ချမှတ်ထားခဲ့ပြီးဖြစ် ကြောင်းလည်း သိရသည်။

အီရန်နိုင်ငံတွင် စက်တင်ဘာလက အသက်(၂၂)နှစ်အရွယ် မာရှာအေမီနီသည် မသင့်လျော်သော ဝတ်စားဆင်ယင်မှု များကြောင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အချုပ်ထဲတွင် သေဆုံးခဲ့ပြီးနောက် အီရန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အီရန်အစိုးရသည် အဆိုပါဆန္ဒပြပွဲများအတွင်း လူပေါင်း (၁၄ဝဝဝ) ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားခဲ့သည်။

အီရန်အာဏာပိုင်များသည် ဆန္ဒပြပွဲများနှင့်ဆက်စပ်သော လူ(၄)ဦးကို ကွပ်မျက်ခဲ့ပြီး အခြားလူ(၁၈)ဦးကို သေဒဏ် ချမှတ်ခဲ့ခြင်းကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ အီရန်အာဏာပိုင်များသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော ဥရောပနိုင်ငံသားများကို ဖမ်းဆီးခြင်းနှင့်ပတ်သတ်ပြီး ထိပ်တိုက်ရင်ဆိုင်ရန် ဥရောပသမဂ္ဂကို ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးတို့က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်၊၊

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတ်သရင်းကိုလိုနာက “အီရန်နိုင်ငံက အခုကျင့်သုံးနေတဲ့ နိုင်ငံတော်ဓါးစာခံ ဖမ်းယူမှုကိစ္စကို ဥရောပသားတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စဥ်းစားဖို့အချိန်တန်ပြီလို့ ထင်ပါတယ်။ ဒီအချက် ကို ကျွန်မတို့ရဲ့စဥ်းစားမှုတွေမှာ ထည့်သွင်းစဥ်းစားရမှာပါ၊၊ ဒါဟာ အနာဂတ်မှာ ကျွန်မတို့ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တွေပါပဲ” ဟု ပြောဆိုခဲ့သည်။

အီရန်အာဏာပိုင်များသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော နိုင်ငံခြားသားနှစ်ဒါဇင် နီးပါးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း သိရသည်။

(NP news မှ ကူးယူဖော်ပြပါသည်။)