အိမ်ကွင်းနိုင်ပွဲဆက်မှတ်တမ်း (၂၁)ပွဲအထိရှိလာခဲ့တဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘရိုက်တန်အသင်းကို (၂-၁)ဂိုးဖြင့်  အနိုင်ရရှိခဲ့သည့်အတွက် ပြိုင်ပွဲစုံအိမ်ကွင်းနိုင်ပွဲဆက်မှတ်တမ်း (၂၁)ပွဲအထိရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းများထဲတွင်အများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၆)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော FA ဖလားပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့ချိန်မှစ၍ အိမ်ကွင်း၌ နိုင်ပွဲများ ဆက်တိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဘရိုက်တန်နှင့်ပွဲတွင် မြို့ခံပြိုင်ဘက် မန်ယူအသင်း၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်က ပရီးမီးယားလိဂ်အသင်းများထဲတွင် ပြိုင်ပွဲစုံအိမ်ကွင်း နိုင်ပွဲဆက်မှုအများဆုံးအဖြစ် မန်ယူအသင်းက ပွဲ(၂၀)ဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် ၂၀၁၀ ဒီ ဇင်ဘာမှ ၂၀၁၁ စက်တင်ဘာလအတွင်း ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ၂၀၂၂ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်းတွင် အိမ်ကွင်း၌ ပြိုင်ပွဲစုံ(၁၆)ပွဲဆက် အနိုင်ရခဲ့ဖူးပြီး အဆိုပါမှတ်တမ်းမှာလည်း ပရီးမီးယားလိဂ်အသင်းများထဲတွင် စတုတ္ထအများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

မန်စီးတီးအသင်း၏ ပြိုင်ပွဲစုံအိမ်ကွင်းနိုင်ပွဲဆက်စံချိန် (၂၁)ပွဲတွင် ပရီးမီးယားလိဂ်နိုင်ပွဲ(၁၄)ပွဲ၊ ချန်ပီယံလိဂ်နိုင်ပွဲ (၄)ပွဲနှင့် FA ဖလားနိုင်ပွဲ(၃)ပွဲ ပါဝင်ခဲ့သည်။ မန်စီးတီးအသင်းသည် ယခုစံချိန်ကို ၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်၌ အိမ်ကွင်းနိုင်ပွဲဆက်မှု အများဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။ ယခင်က ပရီးမီးယားလိဂ်တွင် ပြက္ခဒိန်တစ်နှစ်အတွင်း အိမ်ကွင်းနိုင်ပွဲဆက်မှုအများဆုံးအဖြစ် စံချိန်တင်ထားခဲ့သည်မှာလည်း ၂၀၁၁ ခုနှစ်အတွင်း (၁၃)ပွဲဆက် အနိုင်ရခဲ့သည့် မန်ယူအသင်းဖြစ်သောကြောင့် ယခု မန်စီးတီးအသင်းက မြို့ခံပြိုင်ဘက်အသင်း၏ အိမ်ကွင်း စံချိန်နှစ်ခုစလုံးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မန်စီးတီးအသင်းအနေဖြင့် အင်္ဂလန်ဘောလုံးလောကတွင်မူ စံချိန်သစ်တင်နိုင်ခြင်းမရှိသေးဘဲ ဒုတိယအများဆုံးအဖြစ်သာ မှတ်တမ်းဝင်သေးသည်။

အင်္ဂလန်ဘောလုံးလောက၌ ပြိုင်ပွဲစုံ အိမ်ကွင်းနိုင်ပွဲဆက်မှုအများဆုံးအဖြစ် စံချိန်တင်ထားသည်မှာ ၁၈၉၁ ခုနှစ်မှ ၁၈၉၂ ခုနှစ်အတွင်း (၂၄)ပွဲဆက်တိုက် အနိုင်ရရှိထားသည့် ဆန်းဒါးလန်းအသင်းဖြစ်သည်။ ထို့ကြောင့် မန်စီးတီးအသင်းအနေဖြင့် နောက်ထပ် အိမ်ကွင်းပွဲစဉ် (၄)ပွဲဆက် အနိုင်ရရှိမှသာ ဆန်းဒါးလန်းအသင်း၏စံချိန်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ လာမည့်အိမ်ကွင်းပွဲစဉ်(၄)ပွဲတွင် မန်စီးတီးအသင်း ရင်ဆိုင်ရမည့်ပြိုင်ဘက်များမှာ ဘုန်းမောက်(ပရီးမီးယားလိဂ်)၊ ယန်းဘွိုင်းစ်(ချန်ပီယံလိဂ်)၊ လီဗာပူးလ်(ပရီးမီးယားလိဂ်)၊ လိုက်ပ်ဇစ်(ချန်ပီယံလိဂ်)တို့ဖြစ်သည်။ မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယား လိဂ်အိမ်ကွင်းပွဲစဉ်(၆)ပွဲ ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲအားလုံးကို အနိုင်ရရှိပါက ပြက္ခဒိန်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အားလုံး အနိုင်ရရှိသည့်စံချိန်သစ်ကို တင်ရှိနိုင်မည်ဖြစ်သည်။

crd;