🇮🇩အင်ဒိုနီးရှားအကျဉ်းထောင်မှ အကျဉ်းသား ၅၃ ဦး ထောင်ဖောက် လွတ်မြောက်ခဲ့

အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း ပါပူဝါပြည်နယ်၊ ဆိုးရောင်း အကျဉ်းထောင်မှ အကျဉ်းသား ၅၀ ကျော်ဟာ ဇန်နဝါရီ ၇ ရက်၊ နံနက် ၁၁ နာရီက ထောင်ဖောက်ထွက်ပြေးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဆိုးရောင်း အကျဉ်းထောင် Class II B Penitentiary မှ လွတ်မြောက်လာသူ ၅၃ ဦးအနက် ခြောက်ဦးကို ပြန်လည်ဖမ်းဆီးပြီး အချုပ်ခန်းထဲ ပြန်ထည့်နိုင်ခဲ့တယ်လို့ ဆိုးယောင်း မြို့ရဲချုပ် ဟပ်ပီးပါဒါနာယူဒီယန်တိုက အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ရဲတွေက ဆိုးရောင်း မြို့၊ ဆိပ်ကမ်းနဲ့ လေဆိပ်အပြင် နေရာတွေ(သို့မဟုတ်) လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေရဲ့ အချက်အလက်တွေကို စုဆောင်းခြင်း၊ လမ်းတွေ ပိတ်ဆို့ကာ စစ်ဆေးခြင်းနဲ့ အကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဟာ အထွေထွေ ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ပစ်ဒဏ်ကျခံနေရသူတွေ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဆိုးရောင်း အကျဉ်းထောင် အကြီးအကဲ မန်နျူရယ်ရီနူစီ က ၎င်းတို့ဟာ တနင်္ဂနွေနေ့ ဇန်နဝါရီ ၇ ရက် မနက် ၁၁ နာရီလောက်က ဆုတောင်းမှုပြုလုပ်ပြီးအပြန်မှာ အစောင့်အရာရှိ နှစ်ဦးကို ခြိမ်းခြောက်ကာ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ဖောက်ခွဲပြီး ထောင်ဖောက်ထွက်ပြေးသွားခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ဟာ အကျဉ်းသား ၂၅၀ ခန့်ထိသာဆန့်ပေမယ့် အကျဉ်းသားစုစုပေါင်း ၅၄၃ ထိ ထည့်သွင်းထားခြင်းကြောင့် လုံခြုံရေးအားနည်းပြီး အခုလိုထောင်ဖောက်ထွက်ပြေးမှုတွေ ရှိလာခဲ့ခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။