အာဆီယံမှာ ကာကွယ်ရေးဘတ်ဂျက်နည်းနေတဲ့ မြန်မာ့တပ်မတော်

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ကြာရှည်ပြီး လတ်တလော နေ့စဉ် တိုက်ပွဲကြီးများ ဆင်နွှဲနေရတဲ့ မြန်မာ့တပ်မတော်ဟာ အာဆီယံနိုင်ငံများအနက် ကာကွယ်ရေးဘက်ဂျက် သုံးစွဲမှုမှာ အဆင့် ၇ ရှိကြောင်း Lowy Institute ရဲ့ Asia Power Index 2023 အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အာဆီယံနိုင်ငံများရဲ့ ကာကွယ်ရေးအသုံးစရိတ်မှာ စင်ကာပူက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနဲ့ အများဆုံးဖြစ်ပြီး အင်ဒိုနီးရှား ၁၀.၁ ဘီလီယံ၊ ထိုင်း ၇.၄၄ ဘီလီယံ၊ ဗီယက်နမ် ၇.၂၁ ဘီလီယံ၊ ဖိလစ်ပိုင် ၄.၄ ဘီလီယံ ၊ မလေးရှား ၄ ဘီလီယံနဲ့ မြန်မာကတော့ ၃.၇ ဘီလီယံဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာထက် ကာကွယ်ရေးအသုံးစရိတ်များတဲ့ နိုင်ငံများဟာ ပြည်တွင်းစစ်မရှိပေမဲ့ သူတို့တပ်မတော်တွေ အဆင့်မြှင့်တင်ဖို့အတွက် ကာကွယ်ရေးအသုံးစရိတ်ကို သုံးစွဲနေကြတာဖြစ်ပေမဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ မြန်မာ့တပ်မတော်က သူတို့ထက်နည်းပါးစွာ သုံးနေရပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံများရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အားပေးမွေးမြူထားရှိမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှုကြောင့် နယ်မြေပဲ့ထွက်နိုင်မှု၊ သမိုင်းရန်ကြွေးအရ အမြဲတမ်းရန်စောင်နေတဲ့ ထိုင်းနိုင်ငံရဲ့ ခြိမ်းခြောက်မှုနဲ့ အမေရိကန်ရဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုများကို ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ အလွန်နည်းပါးနေကြောင်း လေ့လာသူများက သုံးသပ်ထားပါတယ်။

တိုင်းပြည်စီးပွားရေး မဖွံ့ဖြိုးမှုကြောင့် ကာကွယ်ရေးအသုံးစရိတ်နည်းပါးနေရသလို အရပ်သားစစ်စစ်၊ နိုင်ငံရေးသမားတွေရဲ့ တပ်မတော်အပေါ်အမြင်မကြည်လင်မှုတွေ ကြောင့် မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဘက်ဂျက်အသုံးစရိတ်တိုးမြှင့်ရရှိဖို့ မလွယ်ကူနိုင်ကြောင်း သိရပါတယ်

တပ်မတော် က တာဝန်ယူထားတဲ့ နစကအစိုးရလက်ထက်မှာတော့ ကာကွယ်ရေးဘက်ဂျက် ဘယ်လောက်ထိ တိုးမြှင့်သုံးစွဲမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်…

#တိုက်ပွဲသတင်းစုံ