အမေရိကန်ဒေါ်လာ (၁၂)ဘီလျံတန်ဖိုးရှိမည့် ရွှေကြောတစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရပြော

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် Laizhou မြို့ရှိ Xiling ရွှေတွင်း၌ ရွှေတန်ချိန်(၂ဝဝ)ခန့်ထပ်မံ ထုတ်လုပ်နိုင်မည့် ရွှေကြောတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရပိုင် ရွှေထုတ်လုပ်သည့် ကုမ္ပဏီ Shandong Gold Group က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ရှာဖွေတွေ့ရှိမှုကြောင့် Xiling ရွှေတွင်း၏ စုစုပေါင်း အရန်ရွှေပမာဏသည် တန်ချိန်(၅၈ဝ)ထိရှိလာခဲ့ပြီး ခန့်မှန်းချေအားဖြင့် တန်ဖိုး ယွမ်(၂ဝဝ)ဘီလျံရှိကာ တရုတ်နိုင်ငံ၏အကြီးဆုံး သတ္တုသိုက်ဖြစ်လာခဲ့ကြောင်းသိရသည်။ Xiling ရွှေတွင်းသည် အရှည်မီတာ(၂ဝဝဝ)ခန့်ရှိပြီး အကျယ်(၂ဝဝဝ)မီ တာခန့်ရှိကာ အမြင့်ဆုံးအထူသည် (၆၂ ဒသမ ၃၅)မီတာဖြစ်ကြောင်းသိရသည်။

Xiling ရွှေတွင်း၏ ရွှေသတ္တုရိုင်းသိပ်သည်းဆသည် ရွှေတစ်တန်လျှင် ပျမ်းမျှ(၄ ဒသမ ၂၆)ဂရမ်ဖြစ်ကြောင်းသိရသည်။ အဆိုပါရွှေတွင်းသည် လာမည့်နှစ်(၃ဝ)အတွင်း တစ်ရက်လျှင် ရွှေသတ္တုရိုင်းတန်ချိန်(၁ဝဝဝဝ)ခန့်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြကြောင်းလည်းသိရသည်။ Shandong Gold Group လက်ထောက်အထွေထွေမန်နေဂျာ Feng Tao က”ကျွန်တော်တို့ စုစုပေါင်း မီတာ (၃)သိန်းကျော်ရှိတဲ့ တွင်းပေါင်း(၁၈ဝ)ကျော်တူးခဲ့ပါတယ်။ တူးဖော်တဲ့တွင်းတွေထဲက တစ်တွင်းက (၄ဝဝ၆ ဒသမ ၁၇)မီတာ နက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အသေးစားတူးဖော်မှုအတွက် စံနမူနာတစ်ခုပါပဲ”ဟုပြောဆိုခဲ့သည်။

ပြီးခဲ့သည့်မတ်လတွင် တရုတ်နိုင်ငံသည် တန်ချိန်(၅ဝ)နီးပါးရှိသည့် ရွှေသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ခန့်မှန်းချေ အမေရိကန်ဒေါ်လာ(၃)ဘီလျံခန့်ရှိကြောင်းသိရသည်။ အဆိုပါရွှေတွင်းကို ရှန်ဒေါင်းပြည်နယ် Rushan မြို့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။