သင်္ကြန်ကာလအတွင်း အတာအိုး ဘာကြောင့် ထိုးကြတာလဲ?

နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းခြင်းအစ သင်္ကြန်ရောက်လာခြင်းနှင့်အတူ မြန်မာတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအရ အတာအိုး (သင်္ကြန်အိုး)များကို အိမ်တိုင်းလိုလို ပြုလုပ်လေ့ရှိကြပါသည်။ အတာအိုးကို သင်္ကြန်ကိုစောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်လေ့ရှိကြသည်။

(၇)ရက်သားသမီးများအတွက်ရည်ရွယ်၍ ပန်း(၇)မျိုးဖြစ်စေ၊ အညွန့်(၇)မျိုးဖြစ်စေ ရေပြည့်အိုးတွင် ထိုးလေ့ရှိကြသည်။

အတာအိုး(သင်္ကြန်အိုး)တွင် ထိုးရန်အတွက် အတာပန်းများမှာ –
တနင်္ဂနွေနေ့နံအတွက် အုန်းရွက်၊ ဩဇာရွက်
တနင်္လာနေ့နံအတွက် ကံ့ကော်ပန်း၊ ခရေ
အင်္ဂါနေ့နံအတွက် ဇီးရွက်
ဗုဒ္ဓဟူးနေ့နံအတွက် ရွက်လှ၊ ရေတမာ
ကြာသပတေးနေ့နံအတွက် မြေဇာ၊ မာလကာရွက်
သောကြာနေ့နံအတွက် သပြေပန်း
စနေနေ့နံအတွက် တမာရွက်၊ ဒန်းပန်း အစရှိသဖြင့် နေ့(၇)နေ့ကို ကိုယ်စားပြုသည့် (၇)နေ့နံပန်းများဖြင့် ပြုလုပ်လေ့ရှိသည်။ အချို့ကလလည်း ပတ်၀န်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး စသည်ဖြင့် ထည့်တတ်ကြသည်။
အတာသင်္ကြန်တွင်း (၄)ရက်လုံးကို အတာအိုးနှင့်ကြိုပီး နှစ်ဆန်းတစ်ရက်နေ့လျှင် ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ စတာတွေ ထပ်ဖြည့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြသည့်အခါ အတာအိုး (သင်္ကြန်အိုး)မှ “ ပရိတ်အိုး ” အဖြစ် အသွင်ကူးပြောင်းပြီး မိမိတို့အိမ် ပတ်ပတ်လည်တွင် ပရိတ်ပန်း၊ ပရိတ်သဲများနှင့် ကာရံပြီး အန္တရာယ်ကင်းအောင် လုပ်သည်ဟု အယူရှိကြတဲ့အတွက်ဖြစ်ပါတယ်။ #Crd