မြန်မာတို့အတွက် ဂုဏ်ယူဖွယ်အောင်မြေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် ဧပြီ ၉ ရက်က ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်(Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal)ပင်လယ်နှစ်ခု ဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆက်စပ်သည့်နေရာတွင်တည်ရှိသောကိုကိုးကျွန်း၌ မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်း၊ ကိုကိုးလေးကျွန်း စသည့်ကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ရန်ကုန်မြို့မှရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင်တည်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ကိုကိုးကျွန်းသို့ ရောက်ရှိသည့်ခရီးစဉ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ်နေရာတွင် အထိမ်းအမှတ် ကျောက်တိုင်တစ်ခုစိုက်ထူရန် လမ်းညွှန်ချက်အရ အဆိုပါဆုံမှတ်နေရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူဖွင့်လှစ်ပေးနိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ အထင်ကရနေရာ တစ်ခုဖြစ်လာသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဟုခေါ်တွင်သည်။ ရေပြင်၊ မြေပြင်၊ ထူးခြားသောပထဝီအနေအထားများ ပိုင်ဆိုင်ထားသည်။ ကမ္ဘာ့မြေပုံပေါ်၌  အာရှတိုက် အရှေ့တောင်ပိုင်း အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး အတွင်း မြောက်ဘက်တွင် တိဘက်နှင့်တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင်တရုတ်၊ လာအိုနှင့်ထိုင်းနိုင်ငံ၊ အနောက် ဘက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းသည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းဖြစ်သော ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် တို့နှင့် ထိစပ်လျက်ရှိသည်။ ကုန်းတစ်ခြမ်း၊ ရေတစ်ခြမ်း မျက်နှာနှစ်ဖက်ပွင့်နေသည့် ထူးခြားသော ပထဝီအနေအထား ပိုင်ဆိုင်သည့် ဆိပ်ကမ်းများ အထိုက်အလျောက်ရှိသည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရေမြေသဘာဝသယံဇာတများ ပေါများကြွယ်ဝ သည့်နိုင်ငံဖြစ်၍ အနောက်နိုင်ငံများက အထူးစိတ်ဝင်စားသည်။ မြန်မာနိုင်ငံတောင်ဘက်ရှိ ပင်လယ်ရေပြင်တွင် မြန်မာနိုင်ငံပိုင်နက် အထိမ်းအမှတ်တစ်ခုအဖြစ် ကိုကိုးကျွန်းစုတစ်စုကို မြေပုံပေါ်တွင် အထင်အရှားတွေ့ရမည်ဖြစ်သည်။

ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်နှစ်ခု ဆက်စပ်နေသောနေရာတွင် တည်ရှိသည်။ မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေတွင် နိုင်ငံတော်၏  ပိုင်နက်ပင်လယ်သည် အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင်အထိ ကျယ်ဝန်းပြီး အခြေခံမျဉ်းမှပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ အထိ အကျယ်အဝန်းကို သီးသန့်စီးပွားရေးဇုန်အဖြစ် ဆောင်ရွက် နိုင်သည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့်ပင်လယ်နှစ်ခုကြားမှ ကိုကိုးကျွန်းသည် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ကင်းစင်သည့်နေရာ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်နည်းပါးစွာရှိသည့်နေရာ၊ မဟာဗျူဟာအချက်အချာကျသော ထူးခြားသည့် နေရာတစ်ခုဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ကိုကိုးကျွန်းဒေသမှာ အထူးဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏မြောက်ဘက်တွင် ပါလီပါလဲ့ရေလမ်း ကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများတည်ရှိပြီး ယင်းရေလမ်းကြောင်းများမှ နှစ်စဉ်နိုင်ငံခြား ကုန်သွယ်ရေယာဉ် အစင်းရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံရေကြောင်း အကျိုးစီးပွားအတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များ အနက် ရေပြင်အကျယ် ဆုံးပင်လယ်အော်ဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက် အစွန်အဖျား အကျဆုံး ရေပြင်ဖြစ်ပြီး အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့်နီကိုဘားကျွန်းတို့တည်ရှိသည်။ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံး နေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက်ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေသည်။

မြန်မာနိုင်ငံပိုင်နက်ပင်လယ်ပြင်အတွင်းရှိ ရေအောက်သယံဇာတများပြုန်းတီးမှုမရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပြီး ရေအောက်သယံဇာတများ ရေအောက်ရှုခင်းများကို ထုတ်ဖော်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို များစွာ အထောက်အကူ ပြုစေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကိုကိုးကျွန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အထင်ကရပိုင်နက် နယ်မြေဖြစ်သည့်အပြင် ထူးခြားသောဝိသေသ လက္ခဏာများ ပိုင်ဆိုင်ထားသဖြင့် ယခုအခါ မြန်မာနိုင်ငံ၏အောင်မြေအဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

အယ်ဒီတာ့အာဘော်